Friday, 3 February 2012

အနှစ်ပြည့်တဲ့စပါးနှံလိုလူ

လိစ္ဆ၀ီမင်းမျိုးမှပေါက်ဖွားပြီး စစ်တိုက်ရာ၌ သူမတူအောင် ထူးချွန်၍ တစ်ဖက်ရန်သူတို့၏ ချစ်ခင်မှုကို စွန့်လွှတ် ဆုံးရှုံးရသောကြောင့် ပိယဉ္ဇဟဟုအမည်ရသည့်မထေရ်သည် မြတ်ဗုဒ္ဓ ဝေသာလီကြွရောက်ရာမှ သဒ္ဓါဖြစ်ပြီး ရဟန်းဝတ်ခဲ့သည်။ တောအရပ်မှာကပ်ပြီး တရားအားထုတ်ရာ ရဟန္တာဖြစ်ခဲ့သည်။ မထေရ်မြတ်သည် နှိမ့်ချတတ်သည့်အရာ၌ အနှစ်ပြည့်သည့်စပါးနှံပမာ ဖြစ်သည်။ အနှစ်မရှိသူတွေ ထောင်တတ်ကြသလောက် အနှစ်ရှိသူတွေကတော့ ကိုင်းညွတ်တတ်ကြသည်။ အနှစ်ရှိလေလေ နိမ့်ညွတ်လေလေဟုပင် ဆိုနိုင်သည်။
မထေရ်မြတ် ကျူးရင့်ခဲ့၊ လမ်းညွှန်ခဲ့သော စကားရပ်ရှိသည်။
၁။ မြင့်သူတို့အလယ်မှာ နိမ့်သူဖြစ်ပါစေ။
၂။ နိမ့်သူတို့အလယ်မှာ မြင့်သူဖြစ်ပါစေ။
၃။ မနေသူတို့အလယ်မှာ နေသူဖြစ်ပါစေ။
၎။ ပျော်သူတို့အလယ်မှာ မပျော်သူဖြစ်ပါစေ။

၁။ မာန ဥဒ္ဓစ္စစသည်အားဖြင့် လောကလူမှုဝန်းကျင်တစ်ဝိုက်မှာ ဘ၀မေ့ပြီး ဘ၀င်မြင့်နေကြသူတွေ၊ မာနကြီးနေကြသူတွေ၊ ကိုယ့်ကိုယ်ကို ထင်တစ်လုံးဖြင့် မြှောက်ပင့်ကာ နေကြသူတွေရှိနေကြပါတယ်။ ၎င်းလိုဖြစ်နေကြသူတို့အလယ်မှာ မိမိက ဘ၀င်မမြင့်၊ မာနမကြီး၊ မြောက်ကြွနေသူမဖြစ်အောင် နေထိုင်တတ် ရမည်။ မိမိကိုယ်ကို အမြဲတန်း နှိမ့်ချထားရမည်။
၂။ နှလုံးသွင်းမမှန် စိတ်ထားမကောင်း၍ဖြစ်စေ၊ ၀ီရိယမရှိ ပျင်းရိ၍ဖြစ်စေ ဂုဏ်အားဖြင့် နိမ့်ကျနေသူတွေ လောကလူမှုဝန်းကျင်အလယ်မှာ ရှိနေတတ်ကြပါတယ်။ ၎င်းလိုဖြစ်နေကြသူတို့အလယ်မှာ မိမိက နှလုံးသွင်းမှန်မှန်၊ စိတ်ထားကောင်းကောင်း၊ ကြိုးစားအားထုတ်ခြင်းဖြင့် မြင့်သူမြတ်သူဖြစ်အောင် နေထိုင်တတ်ရမည်။ အမြဲတန်း ကြိုးစားနေရမည်။
၃။ အကျင့်မြတ်ဖြင့်မနေသူ၊ အရိယာသူတော်ကောင်းတို့၏ နေနည်းဖြင့် မနေသူတွေ လောကလူမှုဝန်းကျင် အလယ်မှာ ရှိနေကြပါတယ်။ ၎င်းလိုလူမျိုးတို့အလယ်မှာ မိမိက အကျင့်မြတ်ဖြင့်နေသူ၊ အရိယာ သူတော်ကောင်းတို့၏နေနည်းဖြင့် နေသူဖြစ်အောင် ကြိုးစား၍ ရှင်သန်နေထိုင်ရမည်။
၎။ ကာမဂုဏ်အပျော်၊ ကိလေသာအပျော်၊ တနည်းအားဖြင့် အပူပျော်တို့ဖြင့် မွေ့လျော်ပျော်ပိုက်နေသူတို့ အလယ်မှာ မိမိက အပူပျော်တို့နှင့် ပျော်ပိုက်နေသူမဖြစ်အောင်၊ အအေးပျော်ဟုခေါ်သည့် ၀ိပဿနာအလုပ် အားထုတ်မှုနှင့် ပျော်ပိုက်သူဖြစ်အောင် ကြိုးစားနေထိုင်ရှင်သန်ရမည်။

No comments:

Post a Comment