Sunday 12 February 2012

အဘိဓမ္မာနေ့အရေးတော်ပုံ (မေဒိနီဆရာတော်အဆုံးအဖြတ်)


 ရန်ကုန်မြို့၊ ရေကူးကန်ပဲ့၊ ကျောက်ကုန်းတောရမေဒိနီဆရာတော်ဘုရား
အဘိဓမ္မာဘုရားဟောဖြစ်ကြောင်း
၁။ မြတ်စွာဘုရားသည် နတ်ပြည်သို့ ကြွရောက်ကာ အဘိဓမ္မာတရားတော်မြတ်ကို ဟောကြားတော်မူ ခဲ့သည်ဟု မြတ်စွာဘုရားကိုယ်တော်တိုင် တစ်ခါဘူးမျှ မိန့်မြွက်ခြင်း မရှိခဲ့ဖူးချေ ဟူ၍ စွပ်စွဲရေးသားခဲ့၏။
ဘုရားရှင်ကိုယ်တော်တိုင် ငါနတ်ပြည်သို့ ကြွသည်၊ အဘိဓမ္မာတရားများလလည်း ဟောခဲ့သည် စသည်ဖြင့် ဗျာဒိတ်တော် မရှိခဲ့ဘူးကြောင်း ၀န်ခံသည်။ အကြောင်းကား အဘိဓမ္မာတရားများ ဟောကြားတော်မူရန် နတ်ပြည်သို့ကြွခဲ့သည်စသည်ဖြင့် ဘုရားရှင်ကိုယ်တော်တိုင် ထုတ်ဖော် ဟောကြားရန် သင့်/မသင့် ထောင့်ချင့်စဉ်းစားရန်လို၏။ ယခုခေတ်ကာလ ဓမ္မကထိကများပင် မေးသူ တစ်စုံတစ်ယောက်မရှိပါဘဲ ငါ ဤအရပ်၌ ဤမည်သောတရားကို ဟောကြားခဲ့သည်ဟု မိမိကိုယ်တိုင် ထုတ်ဘော်ပြောဆိုသံကြားဖူးသလော၊ အကယ်၍ပြောဆိုပါက ကြွားလုံးထုတ်သည်ဟု အများကပင် ပြစ်တင်စကား ပြောကြားမည်မဟုတ်ပါလော။ ထုတ်ဘော်ပြောကြားရန် တော်၏/မတော်၏ စဉ်းစား။ မောင်ရင်စက္ကိန္ဒသည် မိမိကိုယ်ကို ယခုခေတ်ကာလ ဓမ္မကထိက အနေထားပြီး စဉ်းစားမိလျှင် ဤ နံပါတ်- ၁ စကားကို ရေးသားလိမ့်မည်မဟုတ်။
၂။ တာဝတိံသာနတ်ပြည်သို့ မြတ်စွာဘုရား ကြွတော်မူသည်ဆိုသော ပုံပြင်ဝတ္ထုသည် အသင်္ဂထေရ်ထံမှ နည်းရ၍ ရှင်ဗုဒ္ဓဃောသ ထွင်လိုက်သော ထွင်လုံးမျှသာ ဖြစ်၏။ သင်္ဂါယနာတင်ကျမ်းစာများဖြစ်သော ပိဋကတ်တော်မှာ မရှိ။
စကားအားလုံး ခြုံ၍စိစစ်သော် တာဝတိံသာနတ်ပြည်သို့ မြတ်စွာဘုရား ကြွတော်မူသည်။ နတ်ပြည်၌ အဘိဓမ္မာတရား ဟောတော်မူသည်။ သီတင်းကျွတ်လပြည့်နေ့ သင်္ကဿနဂိုရ်ပြည်သို့ သက်ဆင်းတော်မူသည် စသည်ဖြင့် အကျယ်ဝိတ္ထာရ ရေးသားထားသော စကားများသည်  ရှင်ဗုဒ္ဓဃောသထွင်လုံးချည်းသာ။ ပိဋကတ်တော်မှာ မရှိ၊ သို့အတွက် နိုင်ငံတော်အတွင်းရှိ ဗုဒ္ဓ၀ါဒီပုဂ္ဂိုလ်အချို့တို့ မယုံကြည်ကြဟု ဆိုရာရောက်၏။ ကိုရင့်အမှု ရွာမပတ်စေနဲ့ဟု သတိပေး လိုသည်။ ။ မယုံသူများကို ယုံရကောင်းစေဟု မဆိုလို။ ရှင်ဗုဒ္ဓဃောသရေးသားသော စကားများ အခြေအမြစ် ရှိ/မရှိ၊ ထွင်လုံးဟုတ်/မဟုတ် အများသိသာရန်အတွက် ရည်ရွယ်ချက်ရှေ့ထားပြီး ရေးသားရန်တာဝန်ရှိသဖြင့် အဆုံးအဖြတ်စကားများ ရေးသားပေအံ့။
အဆုံးအဖြတ်စကားများ
ဓမ္မကထိက၀တ္ထု။        ။ ရဟန်းတစ်ပါးသည် အလုံးစုံသော နိကာယ်ငါးရပ်ကိုဆောင်သော ပရိသတ် အလယ်၌ အဘိဓမ္မာပါဠိကို ထုတ်ပြီးလျှင် ရူပက္ခန္ဓော အဗျာကတော၊ စတ္တာရော ခန္ဓာ သိယာ ကုသလာ သိယာ အကုသလာ သိယာ အဗျာကတာ (လ) ဆ ဣန္ဒြိယာနိ သိယာ ကုသလာ သိယာ အကုသလာ သိယာ အဗျာကတာ စသည်ဖြင့် ရှည်လျားစွာ ဟောသောအခါ ရဟန်းတစ်ပါးက ထပြီးလျှင် ငါ့ရှင် ဓမ္မကထိက သင်သည် မြင့်မိုရ်တောင် ရစ်ပတ်ဘိသကဲ့သို့ ရှည်လျားစွာသောပါဠိကို ရွတ်ဆိုဘိ၏။ သင်ယခု ရွတ်ဆိုသော ပါဠိသည် အဘယ်ကပါဠိနည်းဟုမေး၏။ အဘိဓမ္မာပါဠိဟု ဖြေဆို သော် အဘိဓမ္မာပါဠိကို အဘယ့်ကြောင့်ရွတ်ဆိုသနည်း၊ တစ်ပါးသော ဘုရားဟောပါဠိကို အဘယ့်ကြောင့် မရွတ်ဆိုသနည်းဟု မေးပြန်၏။ အဘိဓမ္မာပါဠိကို အဘယ်ပုဂ္ဂိုလ်ဟောသနည်းဟု ပြန်မေးသော်- ဤအဘိဓမ္မာပါဠိသည် ဘုရားဟောမဟုတ်ဟု ပြော၏။ ငါ့ရှင် သင်သည် ၀ိနည်းပိဋကကို သင်ဘူးသလောဟု မေးသော်- မသင်ဘူးကြောင်း ပြော၏။ ၀ိနည်းကို မသင်ဘူးသည့် အတွက် သင်သည် ဤစကားမျိုးကို ပြောဟန်တူသည်ဟု ပြောလိုက်သောအခါ - အနည်းငယ် ၀ိနည်းကို သင်ဘူးပါတယ်ဟု ပြန်ပြော၏။ သင်ဝိနည်းကိုသင်တုန်းက ကောင်းကောင်းသင်ခဲ့သည် မဟုတ်၊ ပရိသတ်အစွန်အဖျားကနေ၍ ငိုက်မျည်းပြီး သင်ယူခဲ့ခြင်း ဖြစ်ပေလိမ့်မည်။ အနည်းငယ်သော ၀ိနည်းကိုမျှ ကောင်းစွာမသင်ဘူးသည့်အတွက် သင့်လိုပုဂ္ဂိုလ်မျိုးက သရဏဂုဏ်ဆရာ၊ ကမ္မ၀ါစာဆရာ ပြုလုပ်ပြီး ရှင်ပြုပေးအပ်သူ၊ ရဟန်းခံပေးအပ်သူတို့ အဘယ်မှာ ရှင်ရဟန်းဖြစ်နိုင်ပါမည်နည်းဟု အပြစ်ပြောပြီး အောက်ပါပါဠိကို ရွတ်ပြ၏။  
အနာပတ္တိ န ဝိဝဏ္ဏေတုကာမော, ‘‘ဣင်္ဃ တွံ သုတ္တန္တေ ဝါ ဂါထာယော ဝါ အဘိဓမ္မံ ဝါ ပရိယာပုဏဿု, ပစ္ဆာ ဝိနယံ ပရိယာပုဏိဿသီ’’တိ ဘဏတိ (ဘိက္ခုဝိဘင်း၊ ၀ိလေခနသိက္ခာပုဒ်၊ နံပါတ်၊ ၆၅။)
သုတ္တန္တေ ဩကာသံ ကာရာပေတွာ ဝိနယံ ဝါ အဘိဓမ္မံ ဝါ ပုစ္ဆတိ, အာပတ္တိ ပါစိတ္တိယဿ။ ဝိနယေ ဩကာသံ ကာရာပေတွာ သုတ္တန္တံ ဝါ အဘိဓမ္မံ ဝါ ပုစ္ဆတိ, အာပတ္တိ ပါစိတ္တိယဿ။ အဘိဓမ္မေ ဩကာသံ ကာရာပေတွာ သုတ္တန္တံ ဝါ ဝိနယံ ဝါ ပုစ္ဆတိ, အာပတ္တိ ပါစိတ္တိယဿ။။ (ဘိက္ခုနီဝိဘင်း၊ ဆတ္တ၀ဂ်၊ ဒွါဒသမသိက္ခာပုဒ်။) ဟူသောဤ၀ိဘင်းပါဠိတော်နှစ်ရပ်ကို ကိုးကားထောက်ထား၍ အဘိဓမ္မာ ဘုရားဟောဖြစ်ကြောင်း ဓမ္မကထိကရဟန်းပြော၏။
ပါဠိတော်များ၏အဓိပ္ပါယ်
ဘိက္ခုဝိဘင်းပါဠိတော်ဖြင့် ကဲ့ရဲ့လိုသော စိတ်မရှိဘဲ သုတ္တန်ဂါထာ၊ အဘိဓမ္မာတို့ကို သင်ဦးလော့။ ၀ိနည်းကိုနောက်မှ သင်ရလတံ့စသည်ဖြင့်ဆိုသောရဟန်းအား အာပတ်မသင့်ခြင်းကို မုချ တိုက်ရိုက်ပြ သည်။  ဘိက္ခုနီဝိဘင်းပါဠိတော်ဖြင့် သုတ္တန်၌ခွင့်တောင်းပြီး ၀ိနည်းကိုလည်းကောင်း၊ အဘိဓမ္မာကို လည်းကောင်း မေးသော ဘိက္ခုနီမ၊ ၀ိနည်း၌ခွင့်တောင်းပြီး သုတ္တန်ကိုလည်းကောင်း၊ အဘိဓမ္မာကို လည်းကောင်း မေးသောဘိက္ခုနီမ၊ အဘိမ္မာ၌ခွင့်တောင်းပြီး သုတ္တန်ကိုလည်းကောင်း၊ ၀ိနည်းကို လည်းကောင်း မေးသောဘိက္ခုနီမအား ပါစိတ်အာပတ်သင့်သည်ကို မုချတိုက်ရိုက်ပြသည်။ ဤသို့ပြလိုက်သဖြင့် ဘုရားဟောဖြစ်သော သုတ်စသည်တို့နှင့် အဘိဓမ္မာကို အထူထား၍ ဟောကြား သောကြောင့်လည်းကောင်း၊ သာသနာတော်မှအပဖြစ်သော ရသေ့ပရိဗိုဇ်စသည်တို့ ဟောကြားစီရင် အပ်သော ကျမ်းများ၌ ဤစကားမျိုးမရှိသောကြောင့်လည်းကောင်း အဘိဓမ္မာ၏ဘုရားဟောအဖြစ်ကို လည်း နေယျတ္ထသာမတ္ထိယအားဖြင့် ပြသည်ဟုယူရမည်။
အဘိဓမ္မာသည် ငါဘုရားဟောကြားအပ်သော တရားအစစ်ဖြစ်သည်ဟု တိုက်ရိုက်မဆိုသော်လည်း မှန်းဆတတ်သော အနုမာနဉာဏ်ရှိသူဖြစ်လျှင် အဘိဓမ္မာဘုရားဟောဖြစ်ကြောင်း သိနိုင်ပါလောက်ပါ လျက် မသိသည့်အတွက် အဘိဓမ္မာဟာ ဘုရားဟောမဟုတ်ဟူ၍ မြတ်စွာဘုရားသာသနာတော်ကို ပုတ်ခတ် ပြောဆိုမိချေသည်ဟု အဓိပ္ပါယ်ရသည်။
မဟာဂေါသိင်္ဂသုတ်
ဓမ္မသေနာပတိဖြစ်တော်မူသော အရှင်သာရိပုတ္တရာထေရ်သည် မိမိတို့အချင်းချင်း မေးအပ်သော ပြဿနာနှင့် အဖြေများကို မြတ်စွာဘုရားအား လျှောက်ထားခြင်းအကျိုးငှါ မြတ်စွာဘုရားထံသို့ သွားပြီး မဟာမောဂ္ဂလာန်ထေရ်၏ ဖြေဆိုပုံကို လျှောက်ထား၏။ လျှောက်ပုံ- ငါ့ရှင်မောဂ္ဂလာန် အဘယ်သို့ သဘောရှိသောရဟန်းသည် ဤငါတို့နေသော အင်ကြင်းတောကြီးကို (၀ါ- သာသနာတော်ကြီးကို) တင့်တယ်စေသနည်းဟုမေးပါသည်။ ထိုသို့မေးသောအခါ ငါ့ရှင်သာရိပုတ္တရာ ဤသာသနာတော်၌ ရဟန်းနှစ်ပါးတို့သည် အဘိဓမ္မာတရားကို ပြောကြားကြကုန်၏။ ထိုရဟန်းနှစ်ပါးတို့အချင်းချင်း ပြဿနာကို မေးမြန်းကြကုန်သည်ဖြစ်၍ ဖြေဆိုကြကုန်၏။ တွန့်တိုဆုတ်နစ်ခြင်းမရှိကြကုန်။ ထိုရဟန်း နှစ်ဦးတို့၏ တရားစကားဖြစ်ခြင်းသည် တရားနှင့်လျော်၏။ ငါ့ရှင်သာရိပုတ္တရာ ဤသို့သဘောရှိသော ရဟန်းသည် အင်ကြင်းတောကြီးကို တင့်တယ်စေ၏ဟူ၍ ဖြေဆိုပါသည်ဘုရားဟု လျှောက်ထား၏။  ထိုအခါ မြတ်စွာဘုရားက - သာဓု သာဓု သာရိပုတ္တရာ၊ ယထာ တံ မောဂ္ဂလာနော စ သမ္မာယျ ဗျာကရမာနော ဗျာကရေယျ၊ မောဂ္ဂလာနော ဟိ သာရိပုတ္တ ဓမ္မကထိတော= ဟုမိန့်တော်မူလိုက်၏။ အဘိဓမ္မာကို ဆောင်သောရဟန်းသည် ငါဘုရားသာသနာတော်မှ အပဖြစ်ကုန်၏ဟု ကဲ့ရဲ့တော် မမူပါဘဲ  ချစ်သားသာရိပုတ္တရာ သာဓု သာဓု- ကောင်း၏ ကောင်း၏ ဟု မောဂ္ဂလာန်ထေရ်အား ကောင်းချီးနုမော် သာဓုခေါ်ပြီး ထိုပြဿနာကို မောဂ္ဂလာန်သည် ကောင်းစွာဖြေဆိုသကဲ့သို့ ထို့အတူ မောဂ္ဂလာန်မှတပါးသော ပုဂ္ဂိုလ်သည်လည်း ဖြေဆိုရပေလိမ့်မည်။ သို့အတွက် မောဂ္ဂလာန်ဖြေဆိုခြင်း သည် ကောင်းသောဖြေဆိုခြင်းဖြစ်သည်။ ချစ်သားသာရိပုတ္တရာ မောဂ္ဂလာန်သည် ဓမ္မကထိကအစစ် ဖြစ်၏ဟုမိန့်တော်မူလိုက်၏။
မှတ်ချက်။       ။ အဘိဓမ္မာဆောင်သောရဟန်းအား ကောင်းချီးနုမော် သာဓုခေါ်သည်ကိုထောက် သော် အဘိဓမ္မာသည် ဘုရားဟော ဟုတ်လေသလော၊ မဟုတ်လေသလောဟု ယုံမှားသံသယဖြစ်ရန် အလျဉ်းမရှိသင့်။ ဘုရားဟောအစစ်ဖြစ်ကြောင်း အလွန်ထင်ရှားသည်ဟု မှတ်ထိုက်၏။ ထိုသို့မှတ်ထိုက်ပါလျက် မမှတ်နိုင်လျှင် မမှတ်နိုင်သူ၏ အပြစ်ပင်။
အင်္ကုရပေတ၀တ္ထု
အင်္ကုရနတ်သား ဣန္ဒကနတ်သားတို့ နတ်စည်းစိမ်ကို ခံစားကြစဉ်အခါ မြတ်စွာဘုရား ခုနစ်ဝါမြောက် ၀ါဆိုလပြည့်နေ့ သာဝတ္ထိပြည် တောင်တံခါးဝ ကဏ္ဍမ္ဗသရက်ဖြူပင်ရင်း၌ တိတ္ထိတို့ကို နှိမ်နင်းခြင်းငှါ ယမိုက်ပြာဋိဟာတို့ကို ပြတော်မူပြီးသည့်အဆုံး နှစ်လမ်းသုံးဘ၀ါးဖြင့် တာဝတိံသာနတ်ပြည်သို့ ကိုယ်တော်တည်း ကြွမြန်းစမ္ပယ်တော်မူပြီးလျှင် ပင်လယ်ကသစ်ပင်ရင်း မြကျောက်ခင်း၌ နေမင်းသဘွယ် တင့်တယ်စွာ အဘိဓမ္မာကို ဟောခြင်းငှါ တစ်သောင်းသောလောကဓာတ်မှ ရောက်လာကြသော နတ်ဗြဟ္မာတို့၏ အရောင်အသရေကို လွှမ်းမိုးလျက် ထိုင်နေတော်မူပြီး တစ်ဆယ့် နှစ်ယူဇနာဝေးကွာသောအရပ်သို့ ဆုတ်နေရသော အင်္ကုရနတ်သားကို ခေါ်တော်မူ၍ အလှူခံပုဂ္ဂိုလ် ပြည့်စုံခြင်းကြောင့် အလှူဒါနအကျိုးများကြောင်းကို မြတ်စွာဘုရားကိုယ်တော်တိုင် ထင်ရှားပြတော်မူ သည်ကို သင်္ဂါယနာတင် ရဟန္တာအရှင်မြတ်များ အောက်ပါပါဠိတို့ကို မိန့်ဆိုတော်မူကြ၏။
တာဝတိံသေ ယဒါ ဗုဒ္ဓေါ, သိလာယံ ပဏ္ဍုကမ္ဗလေ။
ပါရိစ္ဆတ္တကမူလမှိ, ဝိဟာသိ ပုရိသုတ္တမော။
ဒသသု  လောကဓာတူသု, သန္နိပတိတွာန ဒေဝတာ။
ပယိရုပါသန္တိ သမ္ဗုဒ္ဓံ, ဝသန္တံ နဂမုဒ္ဓနိ။
 န ကောစိ ဒေဝေါ ဝဏ္ဏေန, သမ္ဗုဒ္ဓံ အတိရောစတိ။
သဗ္ဗေ ဒေဝေ အတိက္ကမ္မ , သမ္ဗုဒ္ဓေါဝ ဝိရောစတိ။
 ယောဇနာနိ  ဒသ ဒွေ စ, အင်္ကုရောယံ တဒါ အဟု။
အဝိဒူရေဝ ဗုဒ္ဓဿ , ဣန္ဒကော အတိရောစတိ။
 ဩလောကေတွာန သမ္ဗုဒ္ဓေါ, အင်္ကုရဉ္စာပိ ဣန္ဒကံ။
ဒက္ခိဏေယျံ သမ္ဘာဝေန္တော , ဣဒံ ဝစနမဗြဝိ။
 ‘‘မဟာဒါနံ တယာ ဒိန္နံ, အင်္ကုရ ဒီဃမန္တရံ။
အတိဒူရေ  နိသိန္နောသိ, အာဂစ္ဆ မမ သန္တိကေ’’တိ။
ဤသို့စသည်ဖြင့် တာဝတိံသာနတ်ပြည်ဝယ် နတ်ဗြဟ္မာတို့အလယ်၌ ဒက္ခိဏေယျသမ္ပတ္တိအကျိုးကို ထင်ရှားပြတော်မူပြီး၍ ၀ါတွင်းသုံးလပတ်လုံး အဘိဓမ္မာတရားကို ဟောကြားတော်မူပြီး၍ မဟာပ၀ါရဏာနေ့၌ သင်္ကဿနဂိုရ်ပြည်သို့ သက်ဆင်းတော်မူ၏။
ဆိုအပ်ပြီးသော ပေတ၀တ္ထုပါဠိတော်ဖြင့် တာဝတိံသာနတ်ပြည်သို့မြတ်စွာဘုရားကြွတော်မူကြောင်း၊ ပင်လယ်ကသစ်ပင်ရင်း ခင်းထားအပ်သော ပဏ္ဍုကမ္ဗလာမြကျောက်ဖျာထက်၌ တင့်တယ်စွာနေတော် မူကြောင်း၊ သောင်းလောကဓာတ်မှ နတ်ဗြဟ္မာတို့လာကြကြောင်းတို့ကို မုချ နီတတ္ထ တိုက်ရိုက်အားဖြင့် ပြ၏။ အဘိဓမ္မာဟောကြောင်းကို တိုက်ရိုက်မပြ၊ သို့အတွက် မြတ်စွာဘုရား တာဝတိံသာသို့ ကြွတော် မူခြင်းသည် ဘာအကျိုးငှါ ကြွတော်မူသနည်း၊ ရောက်လာသောနတ်ဗြဟ္မာတို့အား ဘာတရားမှ မဟောဘဲ လူ့ပြည်သို့ ပြန်ကြွလာသလော၊ သို့မဟုတ်၊ ဘာတရားများ ဟောကြားတော်မူခဲ့ပါသနည်း။ ဤအမေးနှစ်ရပ်ကို ထုတ်သင့်၏။ အဘယ်အကျိုးငှါ ကြွတော်မူသည်၊ အဘယ်တရားများ ဟောခဲ့သည် ဟု ပါဠိတော်အဆို မရှိသော်လည်း မယ်တော်ဖြစ်ခဲ့ဖူးသော သန္တုဿိတနတ်သားအား ကျေးဇူးဆပ်လို ၍ ၎င်းနတ်သားကို အမှူးထားပြီး ရောက်လာသော နတ်ဗြဟ္မာတို့အား အကျိုးများစေခြင်းငှါ ကြွတော်မူ သည်ဆိုသော အဋ္ဌကထာစကား သဘာဝယုတ္တိရှိကြီးရှိ၍ အလွန်သင့်မြတ်ပေ၏။ မယ်တော်ဖြစ်ခဲ့ဖူး သော သန္တုဿိတနတ်သားကို အမှူးထား၍ ရောက်လာကြသောနတ်ဗြဟ္မာတို့အကျိုးများအောင် ကြွတော်မူလျှင် ဘာတရားများ ဟောကြားခဲ့၍ အကျိုးများရမှာလဲဟု မေးသော် လူ့ပြည်မှာ အဘိဓမ္မာ တရားဟောကြောင်း အရိပ်အမြွက်မထင်ဖြစ်ခြင်းကြောင့် တာဝတိံသာနတ်ပြည်၌ အဘိဓမ္မာတရား ဟောသည်ဟုဆိုသော အဋ္ဌကထာစကားသည် သဘာဝယုတ္တိအထူးပင်ရှိပေ၏။ အဋ္ဌကထာသည် အရှင်မဟာဗုဒ္ဓဃောသလက်ထက်သို့ ရောက်မှ ဖြစ်ပေါ်လာသည်မဟုတ်၊ ဘုရားလက်ထက်တော်က ပင် အထင်အရှားရှိကြောင်းကို ကျမ်းဂန်တတ်ပုဂ္ဂိုလ်တိုင်း ၀န်ခံကြပေလိမ့်မည်။ ၎င်းအဋ္ဌကထာနှင့် တကွ ပါဠိတော်များကို အရှင်မဟိန္ဒစသော ရဟန္တာကြီးများကိုယ်တိုင် သီဟိုဠ်ကျွန်းသို့ သာသနာပြု ကြွတော်မူသောအခါ နှလုံးတွင်း၌သွင်း၍ ဆောင်ယူသွားကြသည်။ အရှင်မဟိန္ဒထံမှ သီဟိုဠ်ကျွန်းသား ရဟန်းတော်များ ဆောင်ထားကြသည်။ မဆောင်နိုင်သောပုဂ္ဂိုလ်များလက်ထက်ရည်ရွယ်လျက် သာသနာမပျက်ကွယ်ပါစေခြင်းအကျိုးငှါ သီဟိုဠ်ဘာသာဖြင့် နောက်မှရေးသားထားကြသည်။ အရှင်ဗုဒ္ဓဃောသသည် သီဟိုဠ်ကျွန်း၌ရှိပြီးသားဖြစ်သော သီဟိုဠ်ဘာသာဖြင့် ရေးသားထားသော အဋ္ဌကထာကြီးငါးကျမ်းလာ ကျယ်စွာသောစကားစဉ်ကို အကျဉ်းချုံး၍ ရေးသားခြင်းမျှဖြစ်သည်ဟု ကိုယ်တိုင်ဝန်ခံချက်ရှိ၏။ ထိုကြောင့် အဋ္ဌကထာလာ စကားများသည်လည်း ဘုရားလက်ထက်တော်မှ ရဟန္တာအဆက်ဆက် ဆောင်လာသည့်အတွက် အလေးပြုလောက်သောစကားများဖြစ်သည့် အလျောက် ဆရာအဆက်ဆက် ယခုထက်တိုင် အလေးဂရုပြုလျက်ပင် ရှိကြ၏။ ဤမျှဖြင့် ရှင်ဗုဒ္ဓဃောသထွင်လုံး မဟုတ်ကြောင်း၊ အသင်္ဂထံမှ အကူဉာဏ်မယူကြောင်း သိသာထင်ရှားပေပြီ။
သတိပေးချက်။           ။ မောင်ရင်စက္ကိန္ဒအား သတိပေးလိုသည်မှာ တိကျမှန်ကန်သော အသိဉာဏ် ဖြစ်ပေါ်ရန် ပါဠိတော်နှင့်တကွ အဋ္ဌကထာများကို ကောင်းစွာလေ့လာသင်ကြားတတ်မြောက်မှ ရေးလိုရာရေးသားလျှင် အမြင်မှန်ရောက်မည်ဖြစ်၍ ပါဠိတော်နှင့်တကွ အဋ္ဌကထာများကို သင်ကြားရန် သတိပေးစကား ရေးသားလိုက်သည်။

No comments:

Post a Comment