Friday 24 February 2012

မိတ်ဆွေတုစစ် ဖြစ်မဖြစ်


မိတ်ဆွေ..မိတ်ဆွေနှင့် လူတိုင်းပါးစပ်ဖျားတွင်အမြဲသုံးနေသော စကားလုံးလေးတစ်ခုဖြစ်သည်။ အလုပ်လုပ်ရာတွင်လည်းကောင်း၊ မသိ၍မေးရာတွင်လည်းကောင်း၊ ခရီးသွားရာ၌လမ်းခရီးတွင် လည်းကောင်း စသည်စသည်ဖြင့်ခေါ်ဝေါ်သုံးနှုန်းပြောဆိုကြသည်။

လူကြီးမိဘ ဆရာသမားတို့ကလည်း မိမိ၏တပည့်သားသမီးများကိုမိတ်ဆွေအပေါင်းအသင်း မမှားစေရန်အမြဲသတိပေးဆုံးမတတ်ကြသည်။ မှန်ပါသည်…….. လူလောကတွင်ပေါင်းသင်း ဆက်ဆံကြသည့်အခါ၌ မိတ်ဆွေကောင်းကိုရရှိဖို့တော်ရုံတန်ရုံနှင့် မလွယ်ပါပေ။

ဘုရားဟောဇာတ်တော်များ၌ အဇာတသတ်သည် ဒေ၀ဒတ်ကို ပေါင်းသင်းမှားမိ၍ အဖေကို ထောင်သွင်းသတ်မိသည်။ ဇီဝကကိုပေါင်းသင်းမိ၍ ဘုရားရှင်ထံရောက်ပြီး သာမညဖလသုတ်ကို နာကြားခွင့်ရရှိပြီး နောက်ဆုံး၌ ပထမသင်္ဂါယနာတင်မင်းအဖြစ် သမိုင်းဝင်ဖြစ်ခဲ့သည်။ ဒီအချက်ကို ထောက်ခြင်းဖြင့် မိတ်ဆွေအပေါင်းအသင်းသည်ဘ၀တစ်ခုအတွက် အမြင့်တင်ပေးနိုင်သူရှိသကဲ့သို့ အနိမ့်ရောက်အောင်တွန်းချမည့် သူများလည်းရှိနိုင်ပါသည်။ ယခု IT ခေတ်၌ မိတ်ဆွေဖွဲ့ရာ၌ G-TALK, VZO, YAHOO, SKYPE, FACEBOOK, စသည်စသည်ဖြင့် အမျိုးမျိုးဖွဲ့ကြ၏။ အစစ်အမှန်မိတ်ဆွေ လိုလားသူများရှိသကဲ့သို့အတုအရောင်များလည်း ဒူးနှင့်ဒေးဖြစ်၏။ ထိုကြောင့် မိတ်ဆွေဟူသော စကားလုံးခေါင်းစဉ်အောက်၌ သတိထားရမည့်အချက်ပေါင်း များစွာရှိ၏။ မိတ်ဆွေအပေါင်း အသင်း သူငယ်ချင်းဟူသောအချက်တွင်…

၁။ စိတ်ပေါင်းကိုယ်ခွါသူငယ်ချင်းမိတ်ဆွေ

၂။ကိုယ်ပေါင်းစိတ်ခွါသူငယ်ချင်းမိတ်ဆွေ

၃။စိတ်ပေါင်းကိုယ်ပေါင်းသူချင်းမိတ်ဆွေ ဟူ၍ (၃)မျိုးခွဲခြား နိုင်ပါသည်။

၁။ စိတ်ပေါင်းကိုယ်ခွါသူငယ်ချင်းမိတ်ဆွေ ဆိုသည်မှာ…မိမိ၏ ကောင်းကျိုးကိုလိုလား နှစ်သက်သူ ဆိုးတိုင်ပင် ကောင်းတိုင်ပင်မိတ်ဆွေမျိုးဖြစ်၏။ ၎င်းပုဂ္ဂိုလ်သည် မိမိနှင့်ကွဲကွာနေသော် လည်းပဲ မိမိစိတ်နှင့်ထပ်တူဖြစ်နေတတ်သောကြောင့် စိတ်ပေါင်းကိုယ်ခွါ သူငယ်ချင်းမိတ်ဆွေမည်၏။

၂။ ကိုယ်ပေါင်းစိတ်ခွါသူငယ်ချင်းမိတ်ဆွေ ဆိုသည်မှာ….ကိုယ့်အတ္တ ကိုယ့်အကျိုးကိုသာ ကြည့်တတ်ပြီး သူတစ်ပါးအတွက် ငဲ့ကွက်မှုမရှိသူ၊ မိမိဂုဏ်သိက္ခာအတွက် သူငယ်ချင်းအပေါ်၌ အပြစ်ပုံချတတ်သူ၊ အတူနေပင်နေငြားသော်လည်း သူငယ်ချင်း၏ မှားကွက်ကိုသာ ရှာကြံနေတတ်သူ ဖြစ်၏။ ယင်းပုဂ္ဂိုလ်မျိုးကို အတူနေထိုင်သွားလာနေရသော်လည်း မိမိ၏အတွင်းရေး (personal)ကိစ္စ များကို ဖွင့်ဟပြောဆိုမတိုင်ပင်သင့်ပေ။ လူချင်းပေါင်း၍ စိတ်ချင်းမပေါင်းသင့်သောကြောင့် ကိုယ်ပေါင်း စိတ်ခွါသူငယ်ချင်းမိတ်ဆွေ မည်၏။

၃။ ကိုယ်ပေါင်းစိတ်ပေါင်းသူငယ်ချင်းမိတ်ဆွေ ဆိုသည်မှာ….ဆင်းရဲချမ်းသာမခွဲခြားပဲ ငယ်စဉ်ကလေးဘ၀မှစ၍လက်တွဲလာခဲ့သူ၊ တစ်ဦးနှင့်တစ်ဦးနားလည်မှု အပြန်အလှန်ရှိသူ၊ မိမိဒုက္ခ ဖြစ်မည့်အရေးနှင့်ကြုံလာလျင် အမြဲတမ်းရောက်လာပြီး ကူညီဖြေရှင်းပေးတတ်သူ၊ မိမိလမ်းမှားကို ရောက်တော့မည်ဆိုလျင် အားမနာတမ်းရှင်းပြ၍ လမ်းမှန်သို့ရောက်အောင် ဦးတည်ပေးသူ ဖြစ်၏။ အမှန်တရားကိုမြတ်နိုး၍ သစ္စာရှိ၏။ ၎င်းမိတ်ဆွေမျိုးကို ကိုယ်ရောစိတ်ရော ပေါင်းသင်းထိုက်သော ကြောင့် ကိုယ်ပေါင်းစိတ်ပေါင်းသူငယ်ချင်းမိတ်ဆွေမည်၏။

မိတ်ဆွေအပေါင်းအသင်းနှင့်ပတ်သက်၍ မည်သည့်ပုဂ္ဂိုလ်မျိုးကို ပေါင်းသင်းထိုက်သည်ကို နတ်သားတစ်ယောက်က မြတ်စွာဘုရားရှင်အားမေးလျောက်ထားသည်မှာ….

ကိံသု မိတ္တံ ပသ၀ထော ၊ ကိံသု မိတ္တံ သကေ ဃရေ။

ကိံ မိတ္တံ အတ္ထဇာတဿ ၊ ကိံ မိတ္တံ သမ္ပရာယိကံ။…..ဟူ၍ မေးခွန်း(၄)ချက်ဖြစ်၏။

မေးခွန်း(၄)ချက်၏အဓိပ္ပါယ်မှာ(၁) ခရီးသွားရာ၌ ဘယ်လိုပုဂ္ဂိုလ်မျိုးသည် မိတ်ဆွေကောင်း ဖြစ်ပါနည်း။ (၂) မိမိအိမ်မှာ ဘယ်လိုပုဂ္ဂိုလ်မျိုးသည် မိတ်ဆွေကောင်း ဖြစ်ပါသနည်း။ (၃) မိမိ၏ အကျိုးစီးပွါးကိုဆောင်ရွက်ရာ၌ တိုင်ပင်သင့်သောမိတ်ဆွေကောင်းသည် ဘယ်သူဖြစ်သနည်း။ (၄) ပစ္စုပ္ပန် တမလွန်သံသရာ၌ မိတ်ဆွေကောင်းသည် ဘယ်ဟာဖြစ်သနည်း….ဟူ၍မေးလျောက်ခဲ့၏။ ယင်းမေးခွန်းလေးချက်ကို မြတ်စွာဘုရား ဖြေကြားထားသည်မှာ…….

သတ္ထော ပသ၀ထော မိတ္တံ ၊ ဟောတိ မိတ္တံ သကေ ဃရေ။

သဟာယော အတ္ထဇာတဿ ၊ ဟောတိ မိတ္တံ ပုနပ္ပုနံ။

သယံ ကတာနိ ပုညာနိ ၊ ဟောတိ မိတ္တံ သမ္ပရာယိကံ… ဟူ၍ဖြေကြားတော်မူခဲ့ပါသည်။ အဓိပ္ပါယ်မှာ…(၁) ခရီးသွားရာ၌ မိတ်ဆွေကောင်းဟူသည်မှာ ကုန်သည် ပွဲစားများနှင့်အတူ ပေါင်းသင်း၍ ခရီးသွားနိုင်ပါသည်။ ကုန်သည်ပွဲစား တို့သည် အမြဲတမ်းခရီးသွားကြသဖြင့် လမ်းခရီး မြို့၊ရွာများ၌နှံ့စပ်ကျွမ်းကျင်၏။ မိမိမသိသေးသည့်နေရာဒေသတို့ကို လမ်းညွှန်ပေးတတ်၏။ သို့အတွက်ကြောင့် ကုန်သည်ပွဲစားတို့သည် ခရီးသွားရာ၌ ပေါင်းသင်းထိုက်သော မိတ်ဆွေကောင်း များဖြစ်၏။

(၂) မိမိနေအိမ်၌ မိတ်ဆွေကောင်းဟူသည်မှာ မိဘနှစ်ပါးဖြစ်ပါသည်။ မိဘတို့မည်သည် မိမိတို့၏ သားသမီးများကို အမြဲကောင်းစားစေချင်ကြ၏။ ဆင်စီးမြင်းရံတာကိုမြင်ချင်ကြ၏။ သားသမီး တို့၏ဘေးရန်ဟူသမျှကို ကာကွယ်စောင့်ရှောက်ပေး၏။ သားသမီးနှင့် ပတ်သက်လာလျင် အသာမခံ အနာခံလျက် မိမိတို့၏အသက် တစ်ချက်က ဥစ္စာ ဤနှစ်ဖြာ အစွန်းသွင်းလျက် အရေးတမူ မွေးမြူပေးကြ၏။ ပုဗ္ဗာစရိယ မိနှင့်ဖ ဆိုသကဲ့သို့ မိမိတို့၏သားသမီးများကိုနေရေး၊ထိုင်ရေး ၊သွားရေး၊ လာရေး အစစအရာရာ သွန်သင်ဆုံးမပေး၏။ မေတ္တာ ကရုဏာ မုဒိတာနှင့် ဥပေက္ခာ ဟုဆိုအပ်သော ဗြဟ္မစိုရ်တရားနှင့်အညီ သားသမီးများအပေါ်၌ စောင့်ရှောက်တတ်သောကြောင့် ဗြဟ္မာကြီးများနှင့် အလားသဏ္ဌာန်တူ၏။ မိဘတို့၏ကျေးဇူးကား အင်မတန်ကြီးမားလှပေသည်။ ကျေးဇူးရှင်မိဘ တို့အားဘယ်သောအခါမျှ ကျေးဇူးမကန်းသင့်ပေ။ မိဘနှစ်ပါးသက်ရှိထင်ရှားရှိစဉ် ပြုစုလုပ်ကျွေးခြင်း ဖြင့် နေ့စဉ်ကောင်းမှုကုသိုလ်ကို ရယူတတ်ရန်လိုအပ်ပေသည်။ ထို့ကြောင့် မိဘနှစ်ပါးသည် မိမိနေ အိမ်၌ အမြဲဆည်းကပ်ပေါင်းသင်းထိုက်သော မိတ်ဆွေကောင်းများဖြစ်၏။

(၃) မိမိ၏အကျိုးစီးပွါးကို ဆောင်ရွက်ရာ၌တိုင်ပင်သင့်သော မိတ်ဆွေကောင်းဆိုသည်မှာ ဆင်းရဲချမ်းသာမခွဲခြားပဲ အတူတွဲပေါင်းသင်းလာခဲ့သော ငယ်သူငယ်ချင်းဖြစ်သည်။ သူငယ်ချင်း ဟူသောစကားလုံး၌ အများသူငါပြောဆိုသုံနှုန်းနေသော သူငယ်ချင်း(၃)မျိုးရှိ၏။ ၎င်းတို့မှာ (၁)သူငယ်ချင်း (၂)သူငယ်ညှင်း (၃)သူငယ်နင်း ဟူ၍ဖြစ်၏။

သူငယ်ချင်းဆိုသည်မှာ အချင်းချင်း တစ်ဦးနှင့်တစ်ဦး နားလည်မှုအပြန်အလှန်ရှိပြီး ကိုယ့်ဒုက္ခ သူ့ဒုက္ခ စာနာတတ်သူ၊ အချင်းချင်းကူညီရိုင်းပင်းလျက် ဒုက္ခဖြစ်မည့်အရေးကြုံက အနားရောက် လာပြီးအားပေးကူညီတတ်သူကို သူငယ်ချင်း ဟုခေါ်၏။

သူငယ်ညှင်းဆိုသည်မှာ အချင်းချင်းရင်းနှီးမှုကို အကြောင်းပြု၍ အကူအညီအမြဲတောင်းနေသူ တစ်ခါနှစ်ခါမက မိမိအားအမြဲတမ်းစေခိုင်းနေသူ အချင်းချင်းတွေ့လျင် ညှင်းဆဲဖို့သာအားသန်နေသူ မိမိဘက်မှအမြဲကူညီခဲ့သော်လည်း တဖန်ပြန်ပြီးအကူအညီမပေးတတ်သူဖြစ်၏။ အပေါင်းအဖေါ်အား တွေ့လျင်အမြဲတမ်း ညှင်းဆဲတတ်သောကြောင့် သူငယ်ညှင်း ဟုခေါ်၏။

သူငယ်နင်းဆိုသည်မှာ မိမိကောင်းစားဖို့အတွက် မိမိသူငယ်ချင်းအားခုတုံးလုပ်တတ်သူ သူငယ်ချင်းနှင့်ပတ်သက်လာလျင်ဘယ်သောအခါမျှအနစ်နာမခံတတ်သူ ချမ်းသာသည့်အချိန်၌အနား ရောက်လာတတ်ပြီး ဆင်းရဲသည့်အချိန်၌ ခွါပြေးသွားတတ်သူဖြစ်၏။ မိမိဘ၀တိုးတက်ကြီးပွါးမည့် အရေး၊ မိမိဘ၀ထင်ပေါ်ကျော်ကြားမည့်အရေးကြုံလာလျှင် သူငယ်ချင်းအားနင်းပြီး ကြိုးစားတတ်သူ ကို သူငယ်နင်း ဟုခေါ်၏။

ဤနေရာ၌ အချင်းချင်းစာနာရိုင်းပင်းတတ်သော နံပါတ်တစ် သူငယ်ချင်းသည် မိမိအကျိုးစီးပွါး ကို ဆောင်ရွက်ရာ၌ တိုင်ပင်သင့်တိုင်ပင်ထိုက်သော မိတ်ဆွေကောင်း ဖြစ်၏။

(၄)နောင်ဘ၀သံသရာ၌ မိတ်ဆွေကောင်းဆိုသည်မှာ မိမိကိုယ်တိုင်ပြုလုပ်သော ကောင်းမှု ကုသိုလ်ြဖစ်၏။ ယခုပစ္စုပ္ပန်ဘ၀၌ မိမိကိုယ်တိုင်ပြုလုပ်ခဲ့သော ဒါန ၊ သီလ ၊ ဘာဝနာ တို့သည် နောင်ဘ၀သံသရာ၌ ကူညီစောင့်ရှောက်ပေးမည့်မိတ်ဆွေကောင်းများဖြစ်ပါသည်။ မိမိ၏တို့၏ဘ၀ တစ်ဆင့်ထက်တစ်ဆင့် မြင့်သထက်မြင့်အောင် ကူညီစွမ်းဆောင်ပေးမည့် မိတ်ဆွေကောင်းမှာ မိမိကိုယ်တိုင်ပြုလုပ်သော ကုသိုလ်ကောင်းမှုဖြစ်၏။ ကိုယ်တိုင်ပြုလုပ်ခဲ့သောကုသိုလ်ကောင်းမှုသည် နောင်ဘ၀သံရာတွင် အကောင်းဆုံးမိတ်ဆွေ ဖြစ်၏ဟူ၍ ဖြေကြားတော်မူခဲ့ပါသည်။

ဤနေရာ၌ သတိထားရမည့်အချက်မှာ ခရီးသွားရာ၌ အကောင်းဆုံးမိတ်ဆွေနှင့် အကျိုးစီးပွါး ကိုဆောင်ရွက်ရာ၌တိုင်ပင်သင့်သောမိတ်ဆွေဖြစ်သည်။ ယင်းမိတ်ဆွေ(၂)မျိုးကို သတိပြုရမည်မှာ

(၁)စိတ်ပေါင်းကိုယ်ခွါဖြစ်သင့်သလား?

(၂)ကိုယ်ပေါင်းစိတ်ခွါဖြစ်သင့်သလား?

(၃)ကိုယ်ပေါင်းစိတ်ပေါင်းဖြစ်သင့်သလား?

ဆရာတော်တစ်ပါးဆုံးမခဲ့ဖူးသည်ကို အောက်မေ့အမှတ်ရနေမိပါသည်။

မိတ်ဆွေတုစစ် ဖြစ်မဖြစ် မှုဖြစ်ကြုံလာသိ..တဲ့..။

သတ္တ၀ါမှန်သရွေ့ မိတ်ကောင်းတွေ့ ချမ်းမြေ့သာယာရှိပါစေ…….။

ရွှေတံခွန်- အရှင်တေဇ၀န္တ

Ph,D(Thesis,Chennai,India)

Friday 17 February 2012

မေတ္တာပို့ခြင်း နှင့် မေတ္တာအံခြင်း

မေတ္တာပို့ခြင်းနှင့် မေတ္တာအံခြင်း

မေတ္တာသဟဂတေန စေတသာ သဗ္ဗပါဏဘူတေသု ဖရိတွာ သိက္ခာပဒံ သမာဓိယာမိ… ဟူသောကိုးပါးသီလဆောက်တည်ရာ၌ လူတိုင်းရွတ်ဆို၍ သီလဆောက်တည်ဖူးကြလိမ့်မည်ဖြစ်၏။အဓိပ္ပါယ်မှာ မေတ္တာနှင့်ယှဉ်သောစိတ်ဖြင့် အားလုံးသောသက်ရှိသတ္တ၀ါတို့၏အပေါ်၌ ပျံ့နှံ့၍ သိက္ခာပုဒ်ကို ဆောက်တည်ကျင့်သုံးပါ၏ဟု ဆိုလိုခြင်းဖြစ်၏။ သတ္တ၀ါအားလုံးအပေါ်၌ မေတ္တာထားခြင်းဖြင့်နေ့တိုင်းမေတ္တာပို့ကြ၏။ သို့သော် မိမိပို့လွတ်အပ်သောမေတ္တာသည် သတ္တ၀ါတို့အပေါ်၌ ကျရောက်ခြင်း ၊ မကျရောက်ခြင်းသည် ပို့လွတ်သူ၏ အတွင်းစိတ် မေတ္တာနှင့်သက်ဆိုင်၏။ မိမိ၏စိတ်ထဲ၌မပါဘဲ နှုတ်ဖြင့် လုံးစုံများစွာ သတ္တ၀ါကျန်းမာကြပါစေ….. စသည်ဖြင့် ကလေးများဆရာ/ ဆရာမများအထံ၌ စာအံသကဲ့သို့ ရွတ်ဖတ်နေခြင်းသည် မေတ္တာပို့ခြင်းမဟုတ် မေတ္တာအံခြင်းသာဖြစ်၏။ မေတ္တာအံခြင်းဖြစ်သဖြင့်မေတ္တာလည်းမသက်ရောက်ပါပေ။မေတ္တာပို့သည်ဟူရာ၌ ကာရုည စိတ္တံ ဥပထပေတွာ သတ္တ၀ါအားလုံးအပေါ်၌ သနားသောစိတ်ကို ဖြစ်စေ၍ မိမိစိတ်နှလုံးမှ အမှန်တကယ်ဖြစ်သောစိတ်ဖြင့်.. လုံးစုံများစွာ သတ္တ၀ါကျန်းမာကြပါစေ… စသည်ဖြင့် ဂရုဏာရှေ့ရှု၍ ရွတ်ဆိုခြင်းသည် မေတ္တာပို့ခြင်းဖြစ်၏။ မေတ္တာပို့ခြင်းဖြစ်သဖြင့်မေတ္တလည်းသက်ရောက်၏။ သို့အတွက်ကြောင့် မေတ္တာပို့ခြင်းနှင့် မေတ္တာအံခြင်းတို့တွင် မေတ္တာပို့ခြင်းဖြစ်စေချင်ပါသည်။ အန္တရာယ်ခပ်သိမ်း ရှောင်ခွါတိမ်း ကင်းငြိမ်းကြပါစေ……

Sunday 12 February 2012

အဘိဓမ္မာနေ့အရေးတော်ပုံ (မေဒိနီဆရာတော်အဆုံးအဖြတ်)


 ရန်ကုန်မြို့၊ ရေကူးကန်ပဲ့၊ ကျောက်ကုန်းတောရမေဒိနီဆရာတော်ဘုရား
အဘိဓမ္မာဘုရားဟောဖြစ်ကြောင်း
၁။ မြတ်စွာဘုရားသည် နတ်ပြည်သို့ ကြွရောက်ကာ အဘိဓမ္မာတရားတော်မြတ်ကို ဟောကြားတော်မူ ခဲ့သည်ဟု မြတ်စွာဘုရားကိုယ်တော်တိုင် တစ်ခါဘူးမျှ မိန့်မြွက်ခြင်း မရှိခဲ့ဖူးချေ ဟူ၍ စွပ်စွဲရေးသားခဲ့၏။
ဘုရားရှင်ကိုယ်တော်တိုင် ငါနတ်ပြည်သို့ ကြွသည်၊ အဘိဓမ္မာတရားများလလည်း ဟောခဲ့သည် စသည်ဖြင့် ဗျာဒိတ်တော် မရှိခဲ့ဘူးကြောင်း ၀န်ခံသည်။ အကြောင်းကား အဘိဓမ္မာတရားများ ဟောကြားတော်မူရန် နတ်ပြည်သို့ကြွခဲ့သည်စသည်ဖြင့် ဘုရားရှင်ကိုယ်တော်တိုင် ထုတ်ဖော် ဟောကြားရန် သင့်/မသင့် ထောင့်ချင့်စဉ်းစားရန်လို၏။ ယခုခေတ်ကာလ ဓမ္မကထိကများပင် မေးသူ တစ်စုံတစ်ယောက်မရှိပါဘဲ ငါ ဤအရပ်၌ ဤမည်သောတရားကို ဟောကြားခဲ့သည်ဟု မိမိကိုယ်တိုင် ထုတ်ဘော်ပြောဆိုသံကြားဖူးသလော၊ အကယ်၍ပြောဆိုပါက ကြွားလုံးထုတ်သည်ဟု အများကပင် ပြစ်တင်စကား ပြောကြားမည်မဟုတ်ပါလော။ ထုတ်ဘော်ပြောကြားရန် တော်၏/မတော်၏ စဉ်းစား။ မောင်ရင်စက္ကိန္ဒသည် မိမိကိုယ်ကို ယခုခေတ်ကာလ ဓမ္မကထိက အနေထားပြီး စဉ်းစားမိလျှင် ဤ နံပါတ်- ၁ စကားကို ရေးသားလိမ့်မည်မဟုတ်။
၂။ တာဝတိံသာနတ်ပြည်သို့ မြတ်စွာဘုရား ကြွတော်မူသည်ဆိုသော ပုံပြင်ဝတ္ထုသည် အသင်္ဂထေရ်ထံမှ နည်းရ၍ ရှင်ဗုဒ္ဓဃောသ ထွင်လိုက်သော ထွင်လုံးမျှသာ ဖြစ်၏။ သင်္ဂါယနာတင်ကျမ်းစာများဖြစ်သော ပိဋကတ်တော်မှာ မရှိ။
စကားအားလုံး ခြုံ၍စိစစ်သော် တာဝတိံသာနတ်ပြည်သို့ မြတ်စွာဘုရား ကြွတော်မူသည်။ နတ်ပြည်၌ အဘိဓမ္မာတရား ဟောတော်မူသည်။ သီတင်းကျွတ်လပြည့်နေ့ သင်္ကဿနဂိုရ်ပြည်သို့ သက်ဆင်းတော်မူသည် စသည်ဖြင့် အကျယ်ဝိတ္ထာရ ရေးသားထားသော စကားများသည်  ရှင်ဗုဒ္ဓဃောသထွင်လုံးချည်းသာ။ ပိဋကတ်တော်မှာ မရှိ၊ သို့အတွက် နိုင်ငံတော်အတွင်းရှိ ဗုဒ္ဓ၀ါဒီပုဂ္ဂိုလ်အချို့တို့ မယုံကြည်ကြဟု ဆိုရာရောက်၏။ ကိုရင့်အမှု ရွာမပတ်စေနဲ့ဟု သတိပေး လိုသည်။ ။ မယုံသူများကို ယုံရကောင်းစေဟု မဆိုလို။ ရှင်ဗုဒ္ဓဃောသရေးသားသော စကားများ အခြေအမြစ် ရှိ/မရှိ၊ ထွင်လုံးဟုတ်/မဟုတ် အများသိသာရန်အတွက် ရည်ရွယ်ချက်ရှေ့ထားပြီး ရေးသားရန်တာဝန်ရှိသဖြင့် အဆုံးအဖြတ်စကားများ ရေးသားပေအံ့။
အဆုံးအဖြတ်စကားများ
ဓမ္မကထိက၀တ္ထု။        ။ ရဟန်းတစ်ပါးသည် အလုံးစုံသော နိကာယ်ငါးရပ်ကိုဆောင်သော ပရိသတ် အလယ်၌ အဘိဓမ္မာပါဠိကို ထုတ်ပြီးလျှင် ရူပက္ခန္ဓော အဗျာကတော၊ စတ္တာရော ခန္ဓာ သိယာ ကုသလာ သိယာ အကုသလာ သိယာ အဗျာကတာ (လ) ဆ ဣန္ဒြိယာနိ သိယာ ကုသလာ သိယာ အကုသလာ သိယာ အဗျာကတာ စသည်ဖြင့် ရှည်လျားစွာ ဟောသောအခါ ရဟန်းတစ်ပါးက ထပြီးလျှင် ငါ့ရှင် ဓမ္မကထိက သင်သည် မြင့်မိုရ်တောင် ရစ်ပတ်ဘိသကဲ့သို့ ရှည်လျားစွာသောပါဠိကို ရွတ်ဆိုဘိ၏။ သင်ယခု ရွတ်ဆိုသော ပါဠိသည် အဘယ်ကပါဠိနည်းဟုမေး၏။ အဘိဓမ္မာပါဠိဟု ဖြေဆို သော် အဘိဓမ္မာပါဠိကို အဘယ့်ကြောင့်ရွတ်ဆိုသနည်း၊ တစ်ပါးသော ဘုရားဟောပါဠိကို အဘယ့်ကြောင့် မရွတ်ဆိုသနည်းဟု မေးပြန်၏။ အဘိဓမ္မာပါဠိကို အဘယ်ပုဂ္ဂိုလ်ဟောသနည်းဟု ပြန်မေးသော်- ဤအဘိဓမ္မာပါဠိသည် ဘုရားဟောမဟုတ်ဟု ပြော၏။ ငါ့ရှင် သင်သည် ၀ိနည်းပိဋကကို သင်ဘူးသလောဟု မေးသော်- မသင်ဘူးကြောင်း ပြော၏။ ၀ိနည်းကို မသင်ဘူးသည့် အတွက် သင်သည် ဤစကားမျိုးကို ပြောဟန်တူသည်ဟု ပြောလိုက်သောအခါ - အနည်းငယ် ၀ိနည်းကို သင်ဘူးပါတယ်ဟု ပြန်ပြော၏။ သင်ဝိနည်းကိုသင်တုန်းက ကောင်းကောင်းသင်ခဲ့သည် မဟုတ်၊ ပရိသတ်အစွန်အဖျားကနေ၍ ငိုက်မျည်းပြီး သင်ယူခဲ့ခြင်း ဖြစ်ပေလိမ့်မည်။ အနည်းငယ်သော ၀ိနည်းကိုမျှ ကောင်းစွာမသင်ဘူးသည့်အတွက် သင့်လိုပုဂ္ဂိုလ်မျိုးက သရဏဂုဏ်ဆရာ၊ ကမ္မ၀ါစာဆရာ ပြုလုပ်ပြီး ရှင်ပြုပေးအပ်သူ၊ ရဟန်းခံပေးအပ်သူတို့ အဘယ်မှာ ရှင်ရဟန်းဖြစ်နိုင်ပါမည်နည်းဟု အပြစ်ပြောပြီး အောက်ပါပါဠိကို ရွတ်ပြ၏။  
အနာပတ္တိ န ဝိဝဏ္ဏေတုကာမော, ‘‘ဣင်္ဃ တွံ သုတ္တန္တေ ဝါ ဂါထာယော ဝါ အဘိဓမ္မံ ဝါ ပရိယာပုဏဿု, ပစ္ဆာ ဝိနယံ ပရိယာပုဏိဿသီ’’တိ ဘဏတိ (ဘိက္ခုဝိဘင်း၊ ၀ိလေခနသိက္ခာပုဒ်၊ နံပါတ်၊ ၆၅။)
သုတ္တန္တေ ဩကာသံ ကာရာပေတွာ ဝိနယံ ဝါ အဘိဓမ္မံ ဝါ ပုစ္ဆတိ, အာပတ္တိ ပါစိတ္တိယဿ။ ဝိနယေ ဩကာသံ ကာရာပေတွာ သုတ္တန္တံ ဝါ အဘိဓမ္မံ ဝါ ပုစ္ဆတိ, အာပတ္တိ ပါစိတ္တိယဿ။ အဘိဓမ္မေ ဩကာသံ ကာရာပေတွာ သုတ္တန္တံ ဝါ ဝိနယံ ဝါ ပုစ္ဆတိ, အာပတ္တိ ပါစိတ္တိယဿ။။ (ဘိက္ခုနီဝိဘင်း၊ ဆတ္တ၀ဂ်၊ ဒွါဒသမသိက္ခာပုဒ်။) ဟူသောဤ၀ိဘင်းပါဠိတော်နှစ်ရပ်ကို ကိုးကားထောက်ထား၍ အဘိဓမ္မာ ဘုရားဟောဖြစ်ကြောင်း ဓမ္မကထိကရဟန်းပြော၏။
ပါဠိတော်များ၏အဓိပ္ပါယ်
ဘိက္ခုဝိဘင်းပါဠိတော်ဖြင့် ကဲ့ရဲ့လိုသော စိတ်မရှိဘဲ သုတ္တန်ဂါထာ၊ အဘိဓမ္မာတို့ကို သင်ဦးလော့။ ၀ိနည်းကိုနောက်မှ သင်ရလတံ့စသည်ဖြင့်ဆိုသောရဟန်းအား အာပတ်မသင့်ခြင်းကို မုချ တိုက်ရိုက်ပြ သည်။  ဘိက္ခုနီဝိဘင်းပါဠိတော်ဖြင့် သုတ္တန်၌ခွင့်တောင်းပြီး ၀ိနည်းကိုလည်းကောင်း၊ အဘိဓမ္မာကို လည်းကောင်း မေးသော ဘိက္ခုနီမ၊ ၀ိနည်း၌ခွင့်တောင်းပြီး သုတ္တန်ကိုလည်းကောင်း၊ အဘိဓမ္မာကို လည်းကောင်း မေးသောဘိက္ခုနီမ၊ အဘိမ္မာ၌ခွင့်တောင်းပြီး သုတ္တန်ကိုလည်းကောင်း၊ ၀ိနည်းကို လည်းကောင်း မေးသောဘိက္ခုနီမအား ပါစိတ်အာပတ်သင့်သည်ကို မုချတိုက်ရိုက်ပြသည်။ ဤသို့ပြလိုက်သဖြင့် ဘုရားဟောဖြစ်သော သုတ်စသည်တို့နှင့် အဘိဓမ္မာကို အထူထား၍ ဟောကြား သောကြောင့်လည်းကောင်း၊ သာသနာတော်မှအပဖြစ်သော ရသေ့ပရိဗိုဇ်စသည်တို့ ဟောကြားစီရင် အပ်သော ကျမ်းများ၌ ဤစကားမျိုးမရှိသောကြောင့်လည်းကောင်း အဘိဓမ္မာ၏ဘုရားဟောအဖြစ်ကို လည်း နေယျတ္ထသာမတ္ထိယအားဖြင့် ပြသည်ဟုယူရမည်။
အဘိဓမ္မာသည် ငါဘုရားဟောကြားအပ်သော တရားအစစ်ဖြစ်သည်ဟု တိုက်ရိုက်မဆိုသော်လည်း မှန်းဆတတ်သော အနုမာနဉာဏ်ရှိသူဖြစ်လျှင် အဘိဓမ္မာဘုရားဟောဖြစ်ကြောင်း သိနိုင်ပါလောက်ပါ လျက် မသိသည့်အတွက် အဘိဓမ္မာဟာ ဘုရားဟောမဟုတ်ဟူ၍ မြတ်စွာဘုရားသာသနာတော်ကို ပုတ်ခတ် ပြောဆိုမိချေသည်ဟု အဓိပ္ပါယ်ရသည်။
မဟာဂေါသိင်္ဂသုတ်
ဓမ္မသေနာပတိဖြစ်တော်မူသော အရှင်သာရိပုတ္တရာထေရ်သည် မိမိတို့အချင်းချင်း မေးအပ်သော ပြဿနာနှင့် အဖြေများကို မြတ်စွာဘုရားအား လျှောက်ထားခြင်းအကျိုးငှါ မြတ်စွာဘုရားထံသို့ သွားပြီး မဟာမောဂ္ဂလာန်ထေရ်၏ ဖြေဆိုပုံကို လျှောက်ထား၏။ လျှောက်ပုံ- ငါ့ရှင်မောဂ္ဂလာန် အဘယ်သို့ သဘောရှိသောရဟန်းသည် ဤငါတို့နေသော အင်ကြင်းတောကြီးကို (၀ါ- သာသနာတော်ကြီးကို) တင့်တယ်စေသနည်းဟုမေးပါသည်။ ထိုသို့မေးသောအခါ ငါ့ရှင်သာရိပုတ္တရာ ဤသာသနာတော်၌ ရဟန်းနှစ်ပါးတို့သည် အဘိဓမ္မာတရားကို ပြောကြားကြကုန်၏။ ထိုရဟန်းနှစ်ပါးတို့အချင်းချင်း ပြဿနာကို မေးမြန်းကြကုန်သည်ဖြစ်၍ ဖြေဆိုကြကုန်၏။ တွန့်တိုဆုတ်နစ်ခြင်းမရှိကြကုန်။ ထိုရဟန်း နှစ်ဦးတို့၏ တရားစကားဖြစ်ခြင်းသည် တရားနှင့်လျော်၏။ ငါ့ရှင်သာရိပုတ္တရာ ဤသို့သဘောရှိသော ရဟန်းသည် အင်ကြင်းတောကြီးကို တင့်တယ်စေ၏ဟူ၍ ဖြေဆိုပါသည်ဘုရားဟု လျှောက်ထား၏။  ထိုအခါ မြတ်စွာဘုရားက - သာဓု သာဓု သာရိပုတ္တရာ၊ ယထာ တံ မောဂ္ဂလာနော စ သမ္မာယျ ဗျာကရမာနော ဗျာကရေယျ၊ မောဂ္ဂလာနော ဟိ သာရိပုတ္တ ဓမ္မကထိတော= ဟုမိန့်တော်မူလိုက်၏။ အဘိဓမ္မာကို ဆောင်သောရဟန်းသည် ငါဘုရားသာသနာတော်မှ အပဖြစ်ကုန်၏ဟု ကဲ့ရဲ့တော် မမူပါဘဲ  ချစ်သားသာရိပုတ္တရာ သာဓု သာဓု- ကောင်း၏ ကောင်း၏ ဟု မောဂ္ဂလာန်ထေရ်အား ကောင်းချီးနုမော် သာဓုခေါ်ပြီး ထိုပြဿနာကို မောဂ္ဂလာန်သည် ကောင်းစွာဖြေဆိုသကဲ့သို့ ထို့အတူ မောဂ္ဂလာန်မှတပါးသော ပုဂ္ဂိုလ်သည်လည်း ဖြေဆိုရပေလိမ့်မည်။ သို့အတွက် မောဂ္ဂလာန်ဖြေဆိုခြင်း သည် ကောင်းသောဖြေဆိုခြင်းဖြစ်သည်။ ချစ်သားသာရိပုတ္တရာ မောဂ္ဂလာန်သည် ဓမ္မကထိကအစစ် ဖြစ်၏ဟုမိန့်တော်မူလိုက်၏။
မှတ်ချက်။       ။ အဘိဓမ္မာဆောင်သောရဟန်းအား ကောင်းချီးနုမော် သာဓုခေါ်သည်ကိုထောက် သော် အဘိဓမ္မာသည် ဘုရားဟော ဟုတ်လေသလော၊ မဟုတ်လေသလောဟု ယုံမှားသံသယဖြစ်ရန် အလျဉ်းမရှိသင့်။ ဘုရားဟောအစစ်ဖြစ်ကြောင်း အလွန်ထင်ရှားသည်ဟု မှတ်ထိုက်၏။ ထိုသို့မှတ်ထိုက်ပါလျက် မမှတ်နိုင်လျှင် မမှတ်နိုင်သူ၏ အပြစ်ပင်။
အင်္ကုရပေတ၀တ္ထု
အင်္ကုရနတ်သား ဣန္ဒကနတ်သားတို့ နတ်စည်းစိမ်ကို ခံစားကြစဉ်အခါ မြတ်စွာဘုရား ခုနစ်ဝါမြောက် ၀ါဆိုလပြည့်နေ့ သာဝတ္ထိပြည် တောင်တံခါးဝ ကဏ္ဍမ္ဗသရက်ဖြူပင်ရင်း၌ တိတ္ထိတို့ကို နှိမ်နင်းခြင်းငှါ ယမိုက်ပြာဋိဟာတို့ကို ပြတော်မူပြီးသည့်အဆုံး နှစ်လမ်းသုံးဘ၀ါးဖြင့် တာဝတိံသာနတ်ပြည်သို့ ကိုယ်တော်တည်း ကြွမြန်းစမ္ပယ်တော်မူပြီးလျှင် ပင်လယ်ကသစ်ပင်ရင်း မြကျောက်ခင်း၌ နေမင်းသဘွယ် တင့်တယ်စွာ အဘိဓမ္မာကို ဟောခြင်းငှါ တစ်သောင်းသောလောကဓာတ်မှ ရောက်လာကြသော နတ်ဗြဟ္မာတို့၏ အရောင်အသရေကို လွှမ်းမိုးလျက် ထိုင်နေတော်မူပြီး တစ်ဆယ့် နှစ်ယူဇနာဝေးကွာသောအရပ်သို့ ဆုတ်နေရသော အင်္ကုရနတ်သားကို ခေါ်တော်မူ၍ အလှူခံပုဂ္ဂိုလ် ပြည့်စုံခြင်းကြောင့် အလှူဒါနအကျိုးများကြောင်းကို မြတ်စွာဘုရားကိုယ်တော်တိုင် ထင်ရှားပြတော်မူ သည်ကို သင်္ဂါယနာတင် ရဟန္တာအရှင်မြတ်များ အောက်ပါပါဠိတို့ကို မိန့်ဆိုတော်မူကြ၏။
တာဝတိံသေ ယဒါ ဗုဒ္ဓေါ, သိလာယံ ပဏ္ဍုကမ္ဗလေ။
ပါရိစ္ဆတ္တကမူလမှိ, ဝိဟာသိ ပုရိသုတ္တမော။
ဒသသု  လောကဓာတူသု, သန္နိပတိတွာန ဒေဝတာ။
ပယိရုပါသန္တိ သမ္ဗုဒ္ဓံ, ဝသန္တံ နဂမုဒ္ဓနိ။
 န ကောစိ ဒေဝေါ ဝဏ္ဏေန, သမ္ဗုဒ္ဓံ အတိရောစတိ။
သဗ္ဗေ ဒေဝေ အတိက္ကမ္မ , သမ္ဗုဒ္ဓေါဝ ဝိရောစတိ။
 ယောဇနာနိ  ဒသ ဒွေ စ, အင်္ကုရောယံ တဒါ အဟု။
အဝိဒူရေဝ ဗုဒ္ဓဿ , ဣန္ဒကော အတိရောစတိ။
 ဩလောကေတွာန သမ္ဗုဒ္ဓေါ, အင်္ကုရဉ္စာပိ ဣန္ဒကံ။
ဒက္ခိဏေယျံ သမ္ဘာဝေန္တော , ဣဒံ ဝစနမဗြဝိ။
 ‘‘မဟာဒါနံ တယာ ဒိန္နံ, အင်္ကုရ ဒီဃမန္တရံ။
အတိဒူရေ  နိသိန္နောသိ, အာဂစ္ဆ မမ သန္တိကေ’’တိ။
ဤသို့စသည်ဖြင့် တာဝတိံသာနတ်ပြည်ဝယ် နတ်ဗြဟ္မာတို့အလယ်၌ ဒက္ခိဏေယျသမ္ပတ္တိအကျိုးကို ထင်ရှားပြတော်မူပြီး၍ ၀ါတွင်းသုံးလပတ်လုံး အဘိဓမ္မာတရားကို ဟောကြားတော်မူပြီး၍ မဟာပ၀ါရဏာနေ့၌ သင်္ကဿနဂိုရ်ပြည်သို့ သက်ဆင်းတော်မူ၏။
ဆိုအပ်ပြီးသော ပေတ၀တ္ထုပါဠိတော်ဖြင့် တာဝတိံသာနတ်ပြည်သို့မြတ်စွာဘုရားကြွတော်မူကြောင်း၊ ပင်လယ်ကသစ်ပင်ရင်း ခင်းထားအပ်သော ပဏ္ဍုကမ္ဗလာမြကျောက်ဖျာထက်၌ တင့်တယ်စွာနေတော် မူကြောင်း၊ သောင်းလောကဓာတ်မှ နတ်ဗြဟ္မာတို့လာကြကြောင်းတို့ကို မုချ နီတတ္ထ တိုက်ရိုက်အားဖြင့် ပြ၏။ အဘိဓမ္မာဟောကြောင်းကို တိုက်ရိုက်မပြ၊ သို့အတွက် မြတ်စွာဘုရား တာဝတိံသာသို့ ကြွတော် မူခြင်းသည် ဘာအကျိုးငှါ ကြွတော်မူသနည်း၊ ရောက်လာသောနတ်ဗြဟ္မာတို့အား ဘာတရားမှ မဟောဘဲ လူ့ပြည်သို့ ပြန်ကြွလာသလော၊ သို့မဟုတ်၊ ဘာတရားများ ဟောကြားတော်မူခဲ့ပါသနည်း။ ဤအမေးနှစ်ရပ်ကို ထုတ်သင့်၏။ အဘယ်အကျိုးငှါ ကြွတော်မူသည်၊ အဘယ်တရားများ ဟောခဲ့သည် ဟု ပါဠိတော်အဆို မရှိသော်လည်း မယ်တော်ဖြစ်ခဲ့ဖူးသော သန္တုဿိတနတ်သားအား ကျေးဇူးဆပ်လို ၍ ၎င်းနတ်သားကို အမှူးထားပြီး ရောက်လာသော နတ်ဗြဟ္မာတို့အား အကျိုးများစေခြင်းငှါ ကြွတော်မူ သည်ဆိုသော အဋ္ဌကထာစကား သဘာဝယုတ္တိရှိကြီးရှိ၍ အလွန်သင့်မြတ်ပေ၏။ မယ်တော်ဖြစ်ခဲ့ဖူး သော သန္တုဿိတနတ်သားကို အမှူးထား၍ ရောက်လာကြသောနတ်ဗြဟ္မာတို့အကျိုးများအောင် ကြွတော်မူလျှင် ဘာတရားများ ဟောကြားခဲ့၍ အကျိုးများရမှာလဲဟု မေးသော် လူ့ပြည်မှာ အဘိဓမ္မာ တရားဟောကြောင်း အရိပ်အမြွက်မထင်ဖြစ်ခြင်းကြောင့် တာဝတိံသာနတ်ပြည်၌ အဘိဓမ္မာတရား ဟောသည်ဟုဆိုသော အဋ္ဌကထာစကားသည် သဘာဝယုတ္တိအထူးပင်ရှိပေ၏။ အဋ္ဌကထာသည် အရှင်မဟာဗုဒ္ဓဃောသလက်ထက်သို့ ရောက်မှ ဖြစ်ပေါ်လာသည်မဟုတ်၊ ဘုရားလက်ထက်တော်က ပင် အထင်အရှားရှိကြောင်းကို ကျမ်းဂန်တတ်ပုဂ္ဂိုလ်တိုင်း ၀န်ခံကြပေလိမ့်မည်။ ၎င်းအဋ္ဌကထာနှင့် တကွ ပါဠိတော်များကို အရှင်မဟိန္ဒစသော ရဟန္တာကြီးများကိုယ်တိုင် သီဟိုဠ်ကျွန်းသို့ သာသနာပြု ကြွတော်မူသောအခါ နှလုံးတွင်း၌သွင်း၍ ဆောင်ယူသွားကြသည်။ အရှင်မဟိန္ဒထံမှ သီဟိုဠ်ကျွန်းသား ရဟန်းတော်များ ဆောင်ထားကြသည်။ မဆောင်နိုင်သောပုဂ္ဂိုလ်များလက်ထက်ရည်ရွယ်လျက် သာသနာမပျက်ကွယ်ပါစေခြင်းအကျိုးငှါ သီဟိုဠ်ဘာသာဖြင့် နောက်မှရေးသားထားကြသည်။ အရှင်ဗုဒ္ဓဃောသသည် သီဟိုဠ်ကျွန်း၌ရှိပြီးသားဖြစ်သော သီဟိုဠ်ဘာသာဖြင့် ရေးသားထားသော အဋ္ဌကထာကြီးငါးကျမ်းလာ ကျယ်စွာသောစကားစဉ်ကို အကျဉ်းချုံး၍ ရေးသားခြင်းမျှဖြစ်သည်ဟု ကိုယ်တိုင်ဝန်ခံချက်ရှိ၏။ ထိုကြောင့် အဋ္ဌကထာလာ စကားများသည်လည်း ဘုရားလက်ထက်တော်မှ ရဟန္တာအဆက်ဆက် ဆောင်လာသည့်အတွက် အလေးပြုလောက်သောစကားများဖြစ်သည့် အလျောက် ဆရာအဆက်ဆက် ယခုထက်တိုင် အလေးဂရုပြုလျက်ပင် ရှိကြ၏။ ဤမျှဖြင့် ရှင်ဗုဒ္ဓဃောသထွင်လုံး မဟုတ်ကြောင်း၊ အသင်္ဂထံမှ အကူဉာဏ်မယူကြောင်း သိသာထင်ရှားပေပြီ။
သတိပေးချက်။           ။ မောင်ရင်စက္ကိန္ဒအား သတိပေးလိုသည်မှာ တိကျမှန်ကန်သော အသိဉာဏ် ဖြစ်ပေါ်ရန် ပါဠိတော်နှင့်တကွ အဋ္ဌကထာများကို ကောင်းစွာလေ့လာသင်ကြားတတ်မြောက်မှ ရေးလိုရာရေးသားလျှင် အမြင်မှန်ရောက်မည်ဖြစ်၍ ပါဠိတော်နှင့်တကွ အဋ္ဌကထာများကို သင်ကြားရန် သတိပေးစကား ရေးသားလိုက်သည်။

Friday 10 February 2012

အဘိဓမ္မာနေ့အရေးတော်ပုံ (ဆရာလင်း ၀ိနိစ္ဆယ)


ပိဋကတ်ဘာသာပြန် အယ်ဒီတာချုပ် အဂ္ဂမဟာပဏ္ဍိတ ဆရာလင်း၏အဆုံးအဖြတ်။     ။
အဘိဓမ္မာ ဘုရားဟောအစစ်ဖြစ်ကြောင်း
နိဒါန်းမပါသည်မှာ
မြတ်စွာဘုရားတို့သည် မည်သည့်အခါမဆို ဝေနေယျတို့အား ဟောကြားတော်မူရာမှာ လိုရင်းဖြစ်သော တရားသဘာဝနှင့် သိက္ခာပုဒ်များကိုသာ ဟောကြားပညတ်တော်မူသည်။ လိုရင်းမဟုတ်သည့် အသိုင်းအ၀ိုင်းမျှဖြစ်သော အခြေခံနိဒါန်းစကားများကို ဟောကြားရိုးထုံးစံမရှိ၊ ဟောကြားရမည့် အရာစုလည်း မဟုတ်ချေ။
ပထသင်္ဂါယနာတွင်
မြတ်စွာဘုရား ထင်ရှားရှိတော်မူစဉ် အတွင်းမှာ သာဝကအရှင်မြတ်တို့သည် ပိဋကတ်ကို အာဂုံဆောင်ရွက်ကြရာမှာလည်း မြတ်စွာဘုရား ဟောတော်မူရင်းအတိုင်း တရားသဘာဝနှင့် သိက္ခာပုဒ်တို့ကို ဆောင်ရွက်တော်မူကြ၏။ နိဒါန်းဟူ၍ပင် မပေါ်ပေါက်သေးပါ။ ပထမသင်္ဂါယနာ တင်သောအခါမှ နိဒါန်းစကား ပေါ်ပေါက်လာပါသည်။
ပေါ်ပေါက်ပုံကား- သင်္ဂါယနာတင်ပွဲ၌ ဦးစွာတင်မည့် ၀ိနည်းပိဋကတွင် သိက္ခာပုဒ်အများအပြားပါဝင်ရာ ပါသမျှသိက္ခာပုဒ်တို့ကို အသီးသီး ပညတ်တော်မူရာ မြို့ရွာဋ္ဌာန၊ အစွဲပြုသည့်ပုဂ္ဂိုလ်၊ ပညတ်ရခြင်းအကြောင်းအရင်း စသော နိဒါန်းနှင့်တကွ သင်္ဂါယနာတင် အရှင် ရဟန္တာမြတ်ကြီးငါးရာတို့ ကောင်းစွာသိရှိကြသော်လည်း နောင်လာနောက်သားတို့ကား ဤသို့ သိရှိနိုင်ကြလိမ့်မည်မဟုတ်၊ သို့ဖြစ်၍ နောင်လာနောက်သားတို့အကျိုးငှါ ရွှေနှုတ်မြွက်၍ ပညတ်တော်မူရင်း သိက္ခာပုဒ်တို့ကို တညီတညာတည်း မရွတ်ဆိုကြသေးဘဲ ဤပထမပါရာဇိကသိက္ခာပုဒ်ကို အဘယ်အရပ်၌ ပညတ်တော်မူသနည်းစသည်ဖြင့် အရှင်မဟာကဿပမေးတော်မူသည်တွင် အရှင်ဥပါလိက ပညတ်တော်မူရာ မြို့ရွာဒေသ အစွဲပြုသည့်ပုဂ္ဂိုလ် ပညတ်ရခြင်းအကြောင်းစသော နိဒါန်းအတ္ထုပ္ပတ္တိ သရုပ်ပေါ်အောင် ထုတ်ဖော်ဖြေကြားတော်မူရလေသည်။
ဖြေကြားတော်မူသည့်အဆုံးမှာ ဤအရှင်ဥပါလိ၏ ဖြေကြားတော်မူချက် စကားရပ်နှင့်တကွ မြတ်စွာဘုရား ပညတ်တော်မူသည့် သိက္ခာပုဒ်တော်ကို ဆက်စပ်ကာ ရဟန္တာအရှင်မြတ်ကြီး ငါးရာတို့ တညီတညာတည်း ရွတ်ဆိုတော်မူကြလေသည်။ ဤသို့ အရှင်ဥပါလိ၏ နိဒါန်းစကားနှင့် ဘုရားဟော သိက္ခာပုဒ်တော်ကို တဆက်တည်း တစပ်တည်း ရွတ်ဆိုသင်္ဂါယနာတင်တော်မူခဲ့ကြသောကြောင့် အရှင်ဥပါလိဟော နိဒါန်းကိုလည်း ပါဠိတော်ဟူ၍ပင် ခေါ်ဝေါ်ရတော့၏။ သို့ဖြစ်၍ ပထမပါရာဇိက သိက္ခာပုဒ်ကို ဝေသာလီပြည်မှာ ပညတ်တော်မူကြောင်းနှင့် ပါရာဇိကဏ်ပါဠိတော်မှာ လာသည်ဟု ပြောဆိုနိုင်ခွင့်ရှိ၏။
သို့ရာတွင် အသေချာ စစ်ဆေးသောအခါ အရှင်ဥပါလိ၏ နိဒါန်းမှာသာ ပါကြောင်းထင်ရှား၏။ ဤအရာမျိုးကို ပြခဲ့ပြီးသောအတိုင်း မြတ်စွာဘုရားက ဟောပြနေဖို့ရာ အလုပ်ပင်မဟုတ်၊ ကြွင်းသော ၀ိနည်းသိက္ခာပုဒ်တော်ဟူသမျှတို့မှာလည်း ဤနည်းအတိုင်းသာဖြစ်၏။
သုတ္တန်ပိဋက၌လည်း ဤနည်းအတိုင်းပင် ဗြဟ္မဇာလသုတ်တော်ကို ဦးစွာသင်္ဂါယနာတင်ရာတွင် ဤသုတ်ကိုဟောရာ အရပ်ဒေသ၊ အစွဲပြုသည့်ပုဂ္ဂိုလ်၊ ဟောရခြင်းအကြောင်းအရင်းတို့ကို ဖော်ပြသော နိဒါန်းစကားများမှာ အရှင်အာနန္ဒာဟောသော စကားပင်ဖြစ်သည်။ မမံ ၀ါ ဘိက္ခဝေ စသော စကားမှသာလျှင် မြတ်စွာဘုရား ရွှေနှုတ်တော်ထွက် ဓမ္မစက် ဗြဟ္မဇာလသုတ်အစစ်ဖြစ်သည်။ ထိုအစစ်ထဲမှာ ဟောရာဒေသစသည်တို့မပါချေ။
ပေါ်လွင်ထင်ရှား အများသိကြအောင် မင်္ဂလသုတ်ကို ပြဆိုရလျှင် မင်္ဂလသုတ်ကို မြတ်စွာဘုရားသည် သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတော်၌ သီတင်းသုံးတော်မူသောအခါ မထင်မရှားသော နတ်သားတောင်းပန်၍ ဟောတော်မူကြောင်း မင်္ဂလသုတ်ပါဠိတော်မှာ ပါသည်ဟု ပြောဆိုလိုက ပြောဆိုနိုင်ပါ၏။ သို့ရာတွင် မြတ်စွာဘုရားရွှေနှုတ်တော်ထွက် မင်္ဂလသုတ်အစစ်မှာ အသေ၀နာ စ
ဗာလာနံ မှစပါသည်။ ထိုမင်္ဂလသုတ်အစစ်ထဲမှာ ပြခဲ့သောအကြောင်း အလျဉ်းမရှိပါ၊ ဧ၀ံ မေ သုတံ ကစ၍ ဗြူဟိမင်္ဂလမုတ္တမံတိုင်အောင်သောစကားမှာ သင်္ဂါယနာတင် အရှင်အာနန္ဒာ၏ စကားတော်သာ ဖြစ်သည်ကို သတိပြုပါ။
အဘိဓမ္မာကို သင်္ဂါယနာတင်သောအခါမှာကား ၀ိနည်းနှင့်သုတ္တန်မှာကဲ့သို့ မတင်မီ ဦးစွာ အဘိဓမ္မာကို ၁။ အဘယ်အရပ်ဒေသမှာ ဟောတော်မူပါသနည်း။ ၂။ အဘယ်ပုဂ္ဂိုလ်ကိုစွဲ၍ ဟောတော်မူသနည်း။ ၃။အဘယ်အကြောင်းကြောင့် ဟောတော်မူသနည်း စသည်ဖြင့် အရှင်မဟာကဿပကမေး၍ အရှင်အာနန္ဒာက ဖြေဆိုနေဖွယ် အလျဉ်းမရှိတော့ပြီ။ မေးဖြေခြင်း ပြုနေပါက ရယ်ဘွယ်ရာအစစ်သာ ဖြစ်နေလိမ့်မည်။ အကြောင်းကိုဆိုသော် ဓမ္မက္ခန္ဓာရှစ်သောင်းလေးထောင်ရှိသည့်အနက် ထက်ဝက်ဖြစ်သော ဓမ္မက္ခန္ဓာလေးသောင်းနှစ်ထောင်ပါဝင်သော အဘိဓမ္မာဒေသနာတော်ကြီးမှာ အလွန်တရာပင် ကျယ်ဝန်းများပြားလှသော်လည်း မြတ်စွာဘုရားသည် တစ်နေရာတည်း၊ တစ်ထိုင်တည်း၊ တစ်ပရိသတ်တည်းမှာ တစ်ဆက်တည်းဟောတော်မူသောဒေသနာဖြစ်၍ ဟောတော်မူရာအရပ်ဒေသနှင့် စပ်၍မှတ်သားဖွယ် ရှုပ်ထွေးဝန်လေး ခဲယဉ်းနေရန် အလျဉ်းမရှိ။
သာဝတ္ထိပြည်၏ တောင်မျက်နှာ သရက်ဖြူပင်ရင်းတွင် ရေမီးအစုံစုံ တန်ခိုးပြာဋိဟာကို ပြတော်မူပြီး၍ ၀ါဆိုလပြည့်နေ့တွင် တာဝတိံသာသို့ တက်ကြွကာ အဘိဓမ္မာဒေသနာကို ဟောပြီးလျင်ဟောပြီးချင်း သီတင်းကျွတ်လပြည့်နေ့တွင် သင်္ကဿနဂိုရ်သို့ ကြွဆင်းတော်မူကြောင်းတွေကို လှည်းနေလှေအောင်း မြင်းစောင်းမကျန် အထင်အရှား အားလုံးသိမြင်နေကြသော အရာဖြစ်၍ ဤအရာကို အမေးအဖြေ ပြုလုပ်နေပါက ရယ်ဘွယ်ရာမဖြစ်ဘဲ အဘယ်မှာ ရှိနိုင်တောမည်နည်း။
ဘုရားဟောကြောင်းသိနိုင်ပု
ဤသို့လျှင် ဘုရားရွှေနှုတ်တော်ထွက် ဓမ္မစက်ထဲမှာလည်း ပါရိုးထုံးစံမဟုတ်၍ မပါ။ နိဒါန်းလည်း မလာမရှိဘဲလျက် အဘိဓမ္မာကို တာဝတိံသာ၌ ဟောတော်မူကြောင်းကို နောင်လာနောက်သား အပေါင်းတို့မှာ အဘယ်အရာကို အခြေခံပြု၍ သိရှိနိုင်ပါမည်နည်းဟု မေးရန်ရှိ၏။
အဋ္ဌကထာကို အခြေခံပြု၍ သိနိုင်သည်ဟု ဖြေဆိုရာ၏။ အဋ္ဌကထာဆိုသော်လည်း အရှင်မဟာဗုဒ္ဓဃောသစီရင်ခဲ့သည့် ကျမ်းဂန်များကို ရည်သန်ရင်း မဟုတ်ပါ။ အဋ္ဌကထာဟူသော စကားသည် အတ္ထ- ကထာ ဟူသောစကားရင်းမှ ဖြစ်လာ၏။ အတ္ထ- အနက်အဓိပ္ပါယ်၊ ကထာ- ပြောဆိုချက်။ ဘုရားဟောရင်း ပါဠိတော်၏ အနက်အဓိပ္ပါယ်တို့ကို သိလွယ်ထင်ရှားစေရန် ဝေဘန် ပြောဆိုချက်ကို အဋ္ဌကထာခေါ်ရမည်ဟု ဆိုလို၏။
မည်သူ၏မိန့်ဆိုချက်နည်း= ရဟန္တာအရှင်မြတ်ကြီးပေါင်း များစွာနှင့်တကွ မြတ်စွာဘုရား၏ ဟောကြား ပြောဆိုချက်ပင်ဖြစ်၏။ ဤစကားကို ထင်ရှားစေဦးမည်။ မြတ်စွာဘုရားသခင်သည် အရှင်ဥပါလိကို ၀ိနည်းအရာ၌ ဧတဒဂ်အရာ ထားတော်မူလိုက်သောအခါ များစွာသော ရဟန္တာမထေရ်အကြီး၊ အငယ်၊ အလတ်တို့သည် အရှင်ဥပါလိအထံမှာ ၀ိနည်းလာ၍ သင်ကြကြောင်းကို ဘိက္ခုဝိဘင်းပါဠိတော်နှင့် စူဠ၀ါပါဠိတော်၊ သေနာသနက္ခန္ဓက တို့မှာ-----------
တေဓ  ဗဟူ ဘိက္ခူ ထေရာ စ နဝါ စ မဇ္ဈိမာ စ အာယသ္မတော ဥပါလိဿ  သန္တိကေ ဝိနယံ ပရိယာပုဏန္တိ။ ဟူ၍လာရှိပါသည်။
ဤသို့လာရှိသည့်အရ အရှင်ဥပါလိက အခြားပုဂ္ဂိုလ်များအား ၀ိနည်းပို့ချသောအခါ ဘုရားရှင် ပညတ်တော်မူရင်း သိက္ခာပုဒ်ပါဠိတော်၏ အနက်အဓိပ္ပါယ်တို့ကို သိလွယ်ထင်ရှားအောင် ဝေဘန်ပြော ဆိုရတော့မည်မှာ မလွဲဖြစ်နိုင်ပါသည်။ အနက်အဓိပ္ပါယ်တို့ကို ပြောဆိုခြင်းမရှိဘဲ ၀ိနည်းပါဠိတော် သက်သက်ကိုသာ အထပ်ထပ် အရှင်ဥပါလိက ရွတ်ဆို၍ ပြရုံပြနေပါလျင် အခြားရဟန်းတော်များ လာရောက်နားထောင်ကြတော့မည်မဟုတ်၊ ထိုပုဂ္ဂိုလ်တွေလည်း ပါဠိတော်အာဂုံဆောင် ပုဂ္ဂိုလ်ချည်းသာ ဖြစ်မည်ကို သတိပြုရာ၏။ `
ဤသို့ အရှင်ဥပါလိ ချပို့ရာမှာ ပါဠိတော်၏ အနက်အဓိပ္ပါယ်တို့ကို အရှင်ဥပါလိဟောပြပြောဆိုချက် ဟူသမျှတို့သည် ၀ိနည်းအဋ္ဌကထာအစစ်ဖြစ်တော့၏။ အရှင်ဥပါလိသာမဟုတ်၊ အခြားဝိနည်းဆောင် ပုဂ္ဂိုလ်ကြီးများလည်း အသီးသီး မိမိတို့၏ တပည့်များအား ပို့ချတော်မူကြမည်သာဖြစ်၍ ပို့ချရာမှာ အနက်အဓိပ္ပါယ် ပြောဆိုချက်တွေဟူသမျှလည်း အဋ္ဌကထာချည်းပင်တည်း။ ၀ိနည်းတွင်မက အဘိဓမ္မာဆောင်ပုဂ္ဂိုလ်ကြီးများဖြစ်တော်မူကြသော အရှင်သာရိပုတ္တရာ၊ အရှင်ဘဒ္ဒဇိ၊ အရှင်သောဘိတစသော မထေရ်မြတ်တို့ကလည်း တပည့်များအား ချပို့ပေးကြမည်သာဖြစ်၏။ ထိုသို့ ချပို့ရာမှာ အဘိဓမ္မာပါဠိတော်ရင်းတို့၏ အနက်အဓိပ္ပါယ်တို့ကို ထုတ်ဖော်ပြောဆိုချက်ဟူသမျှတို့သည် အဘိဓမ္မအဋ္ဌကထာအစစ်ဖြစ်တော့၏။
အဘိဓမ္မာဆောင်တွင်မက မြတ်စွာဘုရား ပေးတော်မူအပ်သော နည်းလမ်းအရ အဘိဓမ္မာကို ဝေဖန် ဟောကြားတော်မူသော အရှင်သာရိပုတ္တရာမထေရ်မြတ်သည်ကား မြတ်စွာဘုရား တာဝတိံသာမှာ အဘိဓမ္မာဟောကြောင်းကို တပည့်များအား အဘိဓမ္မာသင်ကြားပို့ချတော်မူသည့်အခါမှာသာမဟုတ်၊ သီးခြား သာရိပုတ္တသုတ်ဟူသောအမည်ဖြင့် သုတ်တစ်သုတ်ဖော်ထုတ်ကာ နောင်အစဉ် ထင်ရှားရစ်အောင် ဟောကြားတော်မူခဲ့သည်ဟု သင်္ဂါယနာသုံးတန်ဝင် မဟာနိဒ္ဒေသပါဠိတော်ကြီးမှာ အထင်အရှားလာရှိပါသည်။
၁။ ယဒါ ဘဂဝါ တာဝတိံသဘဝနေ ပါရိစ္ဆတ္တကမူလေ ပဏ္ဍုကမ္ဗလသိလာယံ ဝဿံဝုတ္ထော  ဒေဝဂဏပရိဝုတော မဇ္ဈေ မဏိမယေန သောပါဏေန သင်္ကဿနဂရံ ဩတိဏ္ဏော
၂။ ယထာ ဘဂဝန္တံ တာဝတိံသဘဝနေ ပါရိစ္ဆတ္တကမူလေ ပဏ္ဍုကမ္ဗလသိလာယံ နိသိန္နံ ဓမ္မံ ဒေသေန္တံ ဒေဝတာ ပဿန္တိ တထာ မနုဿာ ပဿန္တိ။
မဟာနိဒ္ဒေသပါဠိတော်၌ သုတ်ပေါင်း တစ်ဆယ့်ခြောက်သုတ်ရှိရာ ရှေ့တစ်ဆယ့်ငါးသုတ်မှာ အရင်းခံ ဖြစ်သော အကျဉ်းချုပ်ဥဒ္ဒေသဂါထာစုသည် ဘုရားဟောချည်းသာဖြစ်၍ ထိုဘုရားဟော အကျဉ်းဥဒ္ဒေသဂါထာဒေသနာတော်အစု၏ အနက်အဓိပ္ပါယ်အကျယ်နိဒ္ဒေသတွေကို အရှင်သာရိပုတ္တရာက ဆက်လက်ဟောကြားတော်မူသည်။ နောက်ဆုံးသုတ်မှာကား အရင်းခံ အကျဉ်းဥဒ္ဒေသနှင့်တကွ အကျယ်နိဒ္ဒေသကိုပါ အရှင်သာရိပုတ္တရာချည်းသာ ဟောတော်မူသည်။ သို့ဖြစ်၍ ဤသုတ်ကို သာရိပုတ္တသုတ်ဟူ၍ ခေါ်ဝေါ်ကြရ၏။ ဤသာရိပုတ္တသုတ်နိဒ္ဒေသသည် ကျယ်ဝန်းသော်လည်း ယခုဤစာစောင်မှာ အဘိဓမ္မာကို တာဝတိံသာ၌ ဘုရားဟောတော်မူကြောင်း နှင့်စပ်လျဉ်းသည့် လိုရင်းစကားမျှကိုသာ ထုတ်ဖော်၍ ပြထားပါသည်။ ဤပါဠိတော်မှာ ဘုရားဟော အကျဉ်းဥဒ္ဒေသဂါထာစာသားနည်းပါး၍ အရှင်သာရိပုတ္တရာဟော အကျယ်နိဒ္ဒေသတွေက များနေသောကြောင့် မဟာနိဒ္ဒေသပါဠိတော်ဟု ခေါ်ကြရ၏။ အရှင်သာရိပုတ္တရာဟော အကျယ်နိဒ္ဒေသ တွေကများနေသော်လည်း အကျဉ်းဥဒ္ဒေသဂါထာစုက ဘုရားဟောဖြစ်နေသည်ကတစ်ကြောင်း၊ အကျယ်နိဒ္ဒေသတွေကို အရှင်သာရိပုတ္တရာဟောသော်လည်း ဘုရားဟောအကျဉ်းဥဒ္ဒေသကို အကျယ်နိဒ္ဒေသချဲ့ရုံမျှ ဖြစ်သည်တစ်ကြောင်း၊ ဘုရားထင်ရှားရှိတော်မူစဉ်ဟောကြား၍ ဘုရားရှင် အသိမှတ်ပြုပြီးသည်ကတစ်ကြောင်း၊ သင်္ဂါယနာတင် အရှင်မြတ်ကြီးများကလည်း ဥဒ္ဒေသနှင့်နိဒ္ဒေသ တို့ကို စပ်ကာစပ်ကာ တစ်စုတစ်ပေါင်းတည်း သင်္ဂါယနာတင်တော်မူခဲ့ကြသည်ကတစ်ကြောင်း တို့ကြောင့် မဟာနိဒ္ဒေသကျမ်းကို ဘုရားဟောပါဠိတော်စာရင်းမှာ ထည့်သွင်းမှတ်သားအပ်သည်။ ဤ မဟာနိဒ္ဒေသပါဠိတော်၏အစမှာ အခြားသုတ္တန်ပါဠိတော်များမှာကဲ့သို့ ဧ၀ံ မေ သုတံ စသောနိဒါန်း မပါ ခြင်းမှာလည်း ဘုရားတစ်ပါးတည်း ဟောသောဒေသနာမဟုတ်သည်ကတစ်ကြောင်း၊ ဘုရားဟော ဥဒ္ဒေသဂါထာစုမှာလည်း တစ်နေရာတည်းမှာ အကြောင်းအရာတစ်ခုတည်းကို စွဲ၍ဟောတော်မူသော ဒေသနာမဟုတ်သည်ကတစ်ကြောင်းတို့ကြောင့်ပင်ဖြစ်သည်။
သုတ္တန်အဋ္ဌကထာများ
သုတ္တန်ဘက်မှာလည်း ဤနည်းအတိုင်း သုတ္တန်ဆောင် ပုဂ္ဂိုလ်ကြီးများက သုတ္တန်ပါဠိတော်တို့၏ အနက်အဓိပ္ပါယ်တို့ကို ဖွင့်ပြပြောဆိုချက်ဟူသမျှတို့သည် သုတ္တန်အဋ္ဌကထာအစစ်တွေချည်း ဖြစ်ကြကုန်၏။ ဤသို့ မြတ်စွာဘုရား ထင်ရှားရှိတော်မူစဉ်အခါမှာပင် ဆိုင်ရာဆိုင်ရာ ဦးဆောင် ရဟန္တာ ပုဂ္ဂိုလ်ကြီးများက အသီးသီး မိမိတို့တပည့်များအား ၀ိနည်း သုတ္တန် အဘိဓမ္မာတို့ကို ပို့ချလျက်ရှိကြောင်းကို= အနာပတ္တိ န၀ိဝဏ္ဏေတုကာမော ဣင်္ဃ တွံ အာဝုသော သုတ္တန္တံ ၀ါ ဂါထာယော ၀ါ အဘိဓမ္မံ ၀ါ ပရိယာပုဏဿု၊ ပစ္ဆာ ၀ိနယမ္ပိ ပရိယာပုဏိဿသီတိ ဘဏတိ- ဟူသော ဘိက္ခုဝိဘင်းပါဠိတော်ကိုထောက်၍ သိသာလှပါ၏။
ပြခဲ့ပြီးသောအတိုင်း ရဟန္တာမထေရ် အရှင်မြတ်ကြီးများ၏ အနက်အဓိပ္ပါယ်ပြောဆိုချက်သာ မကသေး၊ မြတ်စွာဘုရား၏ ရှေးကမိမိဟောခဲ့ပြီး စကား၏ အနက်အဓိပ္ပါယ်ကို နောက်မှထပ်၍ ဟောပြပြောဆိုတော်မူချက်များလည်း ပါဝင်၏။ စူဠ၀ါပါဠိတော်၊ ပဉ္စသတိက္ခန္ဓကတွင်= အယံ ဘန္တေ အာယသ္မာ အာနန္ဒော ကိဉ္စာပိ သေခေါ အဘဗ္ဗော ဆန္ဒာ ဒေါသာ ဘယာ မောဟာ အဂတိံ ဂန္တုံ ဗဟုံ စ အနေန ဘဂ၀တော သန္တိကေ ဓမ္မော စ ၀ိနယော စ ပရိယတ္တော- ဟူ၍ မြတ်စွာဘုရားအထံတော်မှာ အရှင်အာနန္ဒာသည် ဓမ္မ၊ ၀ိနယနှစ်ပါး များစွာသင်ကြားကြောင်းလာရှိသည်ကို ထောက်ပါ။
ဤပဉ္စသတိက္ခန္ဓကပါဠိတော်နှင့် အရှင်အာနန္ဒာသည် ဗဟုဿုတဧတဒဂ်ရကြောင်းလာရှိသော အင်္ဂုတ္တိုရ်ပါဠိတော်တို့သည် တစ်ထပ်တည်းပင်ဖြစ်၏။ ဗဟုဿုတဧတဒဂ်ဟူသည် မြတ်စွာဘုရား အထံမှ တရားတော်ကို ကြားနာရခြင်းအများဆုံး ဂုဏ်ပင်ဖြစ်၏။
ဤသို့အရှင်အာနန္ဒာသင်ကြားသောအခါ မြတ်စွာဘုရားသည် အရှင်အာနန္ဒာဉာဏ်၌ မရှင်းမလင်း ဖြစ်နေသည့်အရာကို ရှင်းလင်းသွားအောင် အနက်အဓိပ္ပါယ်ဖွင့်ပြပြောဟောတော်မူရမည်ပင်ဖြစ်၏။ ထိုဟောတော်မူချက်သည်လည်း မူလအဋ္ဌကထာပင်ဖြစ်ရတော့၏။ သို့ဖြစ်၍ မူလအဋ္ဌကထာကို ပကိဏ္ဏကဒေသနာဟူ၍လည်း ခေါ်၏။ ရဟန္တာမြတ်ကြီးများနှင့်တကွ မြတ်စွာဘုရားပါ အရောအနှော ဟောပြောချက်များဟုဆိုလိုသည်။ ဤမူလအဋ္ဌကထာခေါ် ပကိဏ္ဏကဒေသနာကို အာဂုံဆောင်ခေတ် တစ်ခေတ်လုံးမှာ မြတ်စွာဘုရားဟောရင်း ပါဠိတော်ကဲ့သို့ပင် ဆရာအဆက်ဆက် ဆောင်ရွက်တော်မူခဲ့ ကြ၏။ မိမိတို့တပည့်များအား ပါဠိတော်ရင်းကို ပို့ချကြသောအခါ အနက်အဓိပ္ပါယ်တို့ကို ဤမူလအဋ္ဌကထာခေါ် ပကိဏ္ဏကဒေသနာအရ ပြသ ပြောဆိုတော်မူကြရလေသည်။
ဤနည်းလမ်းအရ မြတ်စွာဘုရားလက်ထက်တော်မှာ အဘိဓမ္မာဆောင် ရဟန္တာအရှင်မြတ်ကြီးများက တပည့်များအား အဘိဓမ္မာ သင်ကြားတော်မူကြသောအခါ အဘိဓမ္မာကို ဟောရာဒေသ၊ ဟောသည့် ပုဂ္ဂိုလ်စသော နိဒါန်းအခြေအမြစ်တို့ကို စီစစ်ထုတ်ဖော်ပြသခြင်းမရှိဘဲ လေဖန်းဝါးတန်းချည် ဟူသကဲ့သို့ ပါးစပ်က ထွက်မိထွက်ရာ အရမ်းသင်ကြားတော်မူမည်မဟုတ်ပါ။ ယခုကာလရှိ စာချဆရာ စာရေးဆရာများပင် မိမိတို့ ပို့ချမည့်စာပေ၊ ရေးသားမည့်စာပေတို့၏အခြေအမြစ်အရင်းစစ်ကို ဖွင့်လှစ်ထုတ်ဖော်နိုင်သမျှ ထုတ်ဖော်ပြောဆိုနေကြသည်ကိုသတိပြုပါ။
ဤအကြောင်းများကြောင့် အဘိဓမ္မာဆောင် ရဟန္တာအရှင်မြတ်ကြီးများက အဘိဓမ္မာပို့ချရာတွင် အဘိဓမ္မာကို ဟောသည့်ပုဂ္ဂိုလ်၊ ဟောရာဒေသစသော နိဒါန်းအလုံးစုံကို အကုန်အစင် ပြောဆိုပြသ တော်မူကြမည့်အရေးမှာ နှောင့်နှေးဖွယ်မရှိ အင်မတိ အင်မတန် အမှန်ဆုံး မှန်လှသော အချက်ဖြစ်သည်ဟု ယုံကြည်အပ်၏။ ဤသို့လျှင် အဘိဓမ္မာဆောင် ရဟန္တာမြတ်ကြီးတို့၏ အနက်အဓိပ္ပါယ် မိန့်ဟောပြောဆိုချက် မူလအဋ္ဌကထာကြီးမှာ အထင်အရှား ပါရှိသည့်အတွက် နောက်နောက်ဆင်းသက်ကာ အရှင်မဟာဗုဒ္ဓဃောသစီရင်သော အဋ္ဌကထာအထိ ဤအဘိဓမ္မနိဒါန်း စကားထင်ရှားနေလေသည်။
တတိယသင်္ဂါယနာတင်ပြီးနောက် အရှင်မဟာမဟိန္ဒမထေရ် သီဟိုကျွန်းသို့ ကြွရောက်၍ သာသနာ ပြုတော်မူရာတွင် ဘုရားဟောပါဠိတော်များကို ပကိဏ္ဏကဒေသနာခေါ် မူလအဋ္ဌကထာဖြင့်ပင် သီဟိုဠ် ကျွန်းသားတို့အား ဟောကြားသင်ပြတော်မူလေသည်။ ဤသို့ သင်ပြခြင်းဖြင့် ပိဋကတ်သုံးပုံကို မူလအဋ္ဌကထာနှင့်တကွ အာဂုံဆောင်နိုင်သည့် သီဟိုဠ်ကျွန်းသား မထေရ်မြတ်ကြီးများ ပေါ်ပေါက်ထွန်းကား ကာလရှည်လျားလာသောအခါ ပါဠိတော်နှင့်မူလအဋ္ဌကထာတို့မှာ တိုက်ရိုက် မပါသော ပြဿနာအသစ်များ ပေါ်ပေါက်ကြ၏။ ထိုခေတ်အခါကို မဆိုထားဘိ၊ ယခုကျွန်ုပ်တို့ လက်ထက်အခါမှာ ကျမ်းဂန်တွေမိုပေါက်သလို ပေါများနေပါလျက်  ကျမ်းဂန်များတွင် တိုက်ရိုက်မပါသည့် ပြဿနာများပေါ်ထွက်သေးသည်ကို ထောက်ပါ။ ကာလရှည်ကြာလာလျှင် ပြဿနာအသစ် ပေါ်တတ်သည်ကို သတိပြုပါ။
မဟာပဒေသလေးပါး
မြတ်စွာဘုရားကိုယ်တော်မြတ်သည်ပင် နောင်ကာလရှည်လျားကာ ငါတိုက်ရိုက်မဟောရသေးသည့် ပြဿနာသစ်များ ပေါ်ပေါက်လာသောအခါ နည်းယူ၍ တပည့်သားတော်များ ဆုံးဖြတ်ကြစေရန် မဟာပဒေသလေးပါးကို ဟောကြားတော်မူကြောင်း၊ ၀ိနည်းမဟာဝါပါဠိတော်၊ ဘေသဇ္ဇခန္ဓကမှာ လာရှိသည်မဟုတ်ပါလော။
မူလအဋ္ဌကထာနှင့်အခြားအဋ္ဌကထာများ
ဤနည်းလမ်းအားဖြင့် သီဟိုဠ်မထေရ်ကြီးများလက်ထက် ပြဿနာသစ်ပေါ်ထွက်သောအခါ ပါဠိတော်နှင့် မူလအဋ္ဌကထာလာ ရှေ့နောက်စကားများကို ထောက်ထားအခြေခံပြု၍ မထေရ်မြတ်ကြီးများ ဆုံးဖြတ်တော်မူကြရ၏။ ဆုံးဖြတ်ရဖန်များသောအခါ - ငါတို့လက်ထက်မှာပင် ပြဿနာသစ်များ ပေါ်ပေါက်သည့်အတွက် ခဲခက်သေးသည်၊ နောင်ကာလရှည်လျားလာလျှင် သာ၍ပင် ခက်ခဲချိမ့်မည်ဟု နောင်လာနောက်သားများအတွက် ရည်ရွယ်ကာ ပကိဏ္ဏကဒေသနာခေါ် မူလအဋ္ဌကထာကို အရင်းခံထားကာ ပြဿနာသစ်ဆိုင်ရာ သဘောတွေကိုပါ ထည့်သွင်း၍ မဟာအဋ္ဌကထာကျမ်းကြီးကို ပြုတော်မူ၏။ ထိုနောက် ကုရုန္ဒီအဋ္ဌကထာ၊ မဟာပစ္စရိအဋ္ဌကထာ၊ စူဠပစ္စရိအဋ္ဌကထာ၊ အန္ဓကအဋ္ဌကထာ၊ သင်္ခေပအဋ္ဌကထာ၊ အရိယအဋ္ဌကထာတို့ကိုလည်း သီဟိုဠ် မထေရ်မြတ်ကြီးများ စီရင်တော်မူကြ၏။
စီရင်တော်မူကြရာတွင် ပကိဏ္ဏကဒေသနာခေါ် မူလအဋ္ဌကထာလာစကားကို အားလုံး တညီတညွတ်တည်း လိုက်နာကြရ၏။ ပြဿနာအသစ်အတွက် ဖြည့်စွက်ချက်များမှာသာ အယူအဆ ကွဲပြားလက်ျရှိကြ၏။ မဟာအဋ္ဌကထာစကားကိုပင် အခြားအဋ္ဌကထာများက မလိုက်နာဘဲ အဆိုကွဲလွဲ ကြသည်။ ကွဲပြားကြသည့်အရာမှာ ပြဿနာသစ်များအတွက် ဖြည့်စွက်ချက်တွေမှာသာ ကွဲပြားသည် ဟုမှတ်အပ်၏။ ပကိဏ္ဏကဒေသနာခေါ် မူလအဋ္ဌကထာနှင့် မဟာအဋ္ဌကထာသည် အတူတူပင်ဟု ထင်မှတ်တတ်ကြ၏။ မဟာအဋ္ဌကထာစကားကို အခြားအဋ္ဌကထာများက ပယ်ရှားသည်ကို ထောက်၍ မတူကြောင်းကို ကောင်းစွာ သတိပြုအပ်၏။
ဤသို့ သီဟိုဠ်ကျွန်းဖြစ် အဋ္ဌကထာတွေ ပေါ်ပေါက်လာသောအခါ ထိုအဋ္ဌကထာများမှာ ပကိဏ္ဏက ဒေသနာခေါ် မူလအဋ္ဌကထာလာစကားအားလုံးပါဝင်သည့်အပြင် ပြဿနာအသစ်များအတွက် ဖြည့်စွက်ထားသည့် စကားရပ်တွေ ပါရှိနေသဖြင့် ပကိဏ္ဏဒေသနာခေါ် မူလအဋ္ဌကထာထက် ပိုမိုစုံလင်၏။ စုံလင်သဖြင့် သင်ကြားလေ့လာကြသော ပုဂ္ဂိုလ်များက စုံလင်သည့်အဋ္ဌကထာတွေကို သာ သင်ကြားလေ့လာကြသဖြင့် ပကိဏ္ဏကဒေသနာခေါ် မူလအဋ္ဌကထာမှာ တဖြည်းဖြည်း တိမ်မြုပ် ပပျောက်သွား၏။ သီဟိုဠ်ကျွန်းဖြစ်အဋ္ဌကထာတို့ကို သင်ကြားကြရာမှာ မဟာအဋ္ဌကထာတစ်ကျမ်းကို သင်လိုက်ရုံနှင့် ကိစ္စမပြီး အခြားအဋ္ဌကထာကြီးများကိုလည်း သင်ကြားကြရ၏။ အကြောင်းမှာ ပြခဲ့ပြီးသည့်အတိုင်း ပကိဏ္ဏကဒေသနာခေါ် မူလအဋ္ဌကထာလာ အကြောင်းအရာစုမှာ တစ်ကျမ်းသင်လိုက်လျှင် အတူတူချည်းဖြစ်၍ ပြီးနိုင်သော်လည်း ပြဿနာအသစ်များအတွက် ဖြည့်စွက်ချက်တို့မှာ မတူကြချေ။ မတူသည့်အတွက် ဖြည့်စွက်ချက်အားလုံးကို သိမြင်နားလည်လို သဖြင့် အဋ္ဌကထာအများကိုပင် သင်ကြားနေကြရသဖြင့် သီဟိုဠ်ရဟန်းတော်တို့မှာ ပင်ပန်းတော်မူကြရ ၏။
အရှင်ဗုဒ္ဓဃောသ
အရှင်မဟာဗုဒ္ဓဃောသသည် သီဟိုဠ်ကျွန်းသို့ ကြွရောက်သောအခါ သီဟိုဠ်ကျွန်းတွင် အထင်ပေါ် အကျော်စောဆုံးဖြစ်သော ဗုဒ္ဓမိတ္တမထေရ်မြတ်ထံမှာ မဟာအဋ္ဌကထာ၊ မဟာပစ္စရိအဋ္ဌကထာနှင့် ကုရုန္ဓိအဋ္ဌကထာတို့ကို သင်ကြားပြီးသည့်နောက် သီဟိုဠ်ကျွန်း အရှင်သံဃပါလထေရ်၏ တောင်းပန် တိုက်တွန်းချက်အရ ၀ိသုဒ္ဓိမဂ်အဋ္ဌကထာကို ရေးသားပြုစုတော်မူ၏။ ထိုအခါ အရှင်မဟာဗုဒ္ဓဃောသ ၏ ပညာစွမ်းရည်ကို သီဟိုဠ်တစ်ကျွန်းလုံးရှိ ရဟနုးသံဃာအပေါင်းတို့ ကောင်းစွာသိရှိကြသဖြင့် အရှင်သံဃနာထမထေရ်စသော ပုဂ္ဂိုလ်တို့က သင်ကြားရာ၌ သက်သက်လွယ်ကူစေရန် အဋ္ဌကထာသစ် ရေးသားပါမည့်အကြောင်းနှင့် ကောင်းစွာတောင်းပန်ကြကုန်၏။ ဤသို့ တောင်းပန် ခြင်းကို ၀န်ခံကာ အရှင်မဟာဗုဒ္ဓဃောသသည် သီဟိုဠ်အဋ္ဌကထာကြီးများအနက် မဟာအဋ္ဌကထာကို အရင်းခံ စာကိုယ်ပြုလုပ်ပြီးလျှင် အခြားအဋ္ဌကထာကြီးများက မဟာအဋ္ဌကထာနှင့်ထပ်တူဖြစ်သည့် စကားများကိုမယူဘဲ ထူးထွေသောစကားကိုသာ မကြွင်းမကျန် ယူပြီးလျှင် ဆိုင်ရာဆိုင်ရာတွင် ထည့်သွင်းခြင်း၊ ကျယ်လွန်းသည့်စကားတို့ကို သင့်ရုံအကျဉ်းချုံးခြင်း၊ ကျဉ်းလွန်းသောစကားတို့ကို သင့်ရုံချဲ့ခြင်း၊ ထိုခေတ်ထိုအခါတွင် ထင်ရှားရှိသည့် မထေရ်ကြီးတို့၏ အယူအဆများကို ထေရ၀ါဒအဖြစ် ထည့်သွင်းခြင်းတို့ဖြင့် အဋ္ဌကထာသစ်ကျမ်းကို ရေးသားစီရင်တော်မူ၏။ သို့ဖြစ်၍ ဤအဋ္ဌကထာသစ်ကို သင်္ဂဟအဋ္ဌကထာဟူ၍ ရှေးကခေါ်ကြ၏။ အဋ္ဌကထာဟောင်းများကို ပေါင်းရုံးသော အဋ္ဌကထာဟုဆိုလိုသည်။ အရှင်မဟာဗုဒ္ဓဃောသကိုလည်း သင်္ဂဟကာရဟူ၍ ခေါ်ကြ ၏။ သင်္ဂဟအဋ္ဌကထာကို ပြုစီရင်သောသူဟု ဆိုလိုသည်။
ဤအဋ္ဌကထာသစ်ကို သင်ကြားကြသောအခါ အခြားအဋ္ဌကထာကြီးတွေကို လိုက်လံသင်ကြားနေဖွယ် မလို၊ တစ်စောင်တည်း သင်ကြားလိုက်ရုံနှင့် အလုံးစုံအဋ္ဌကထာသင်ကြားခြင်းကိစ္စပြီးစီးသည်ဖြစ်၍ အဋ္ဌကထာသစ်ကို အထူးသင်ကြားလေ့လာကြကာ အဋ္ဌကထာဟောင်းများကို သင်ကြားမှု တဖြည်းဖြည်း နည်းပါးပြီးလျှင် ကာလရှည်မြင့်သောအခါ တိမ်ကော ပပျောက်သွားကြကုန်သဖြင့် အရှင်မဟာဗုဒ္ဓဃောသ၏ အဋ္ဌကထာသစ်သာလျှင် ယခုကျွန်ုပ်တို့လက်ထက်အထိ ထင်ရှားရှိနေလေ သည်။ ဤအကျိုးအကြောင်းတို့ကို ကောင်းစွာဆင်ခြင်သိမြင်ပါလျှင် အရှင်မဟာဗုဒ္ဓဃောသ အဋ္ဌကထာသစ် ရေးသားစီရင်ရာမှာ အရင်းခံမှီရာ အခြေအမြစ်မရှိ မိမိထင်ရာမြင်ရာတွေကို ရေးသားထားသည်မဟုတ်။ ပကိဏ္ဏကဒေသနာခေါ် မူလအဋ္ဌကထာမှ အစဉ်အဆက် ဆင်းသက်လာ သော ဓမ္မတန္တိ- တရားသဘောအစဉ်၊ ၀ိနိစ္ဆယတန္တိ- အဆုံးအဖြတ်အစဉ် အတိုင်းသာ ရေးသားတော်မူ ခဲ့ကြောင်းကို ကောင်းစွာသိနိုင်ပါ၏။ ကောင်းစွာသိမြင် ရှေးရှေးသော သီလ၊ သမာဓိ၊ ပညာရှင် ဆရာ အဆက်ဆက်တို့သည် ဤအဋ္ဌကထာသစ်တို့ကို နှစ်နှစ်သက်သက် နက်နက်လေးလေး အရေးယူတော် မူကြပြီးလျှင် အရှင်မဟာဗုဒ္ဓဃောသကိုလည်း မြတ်စွာဘုရားအလိုတော်သိ ဗုဒ္ဓမတ္တညူဟူသော ဘွဲ့တံဆိပ်ခပ်နှိပ်ကာ ဘုရားငယ်တစ်ဆူကဲ့သို့ အလေးအမြတ်ပြုကြကုန်၏။ ဤအကြောင်းအရာတို့ကို မသိမမြင် အလွန်ပင် အသိအလိမ်မာကင်းသောသူတစ်စုတို့ကသာ အရှင်မဟာဗုဒ္ဓဃောသကို ပမာဏမပြု ဂရုမစိုက်ဘဲ စွပ်စွဲပြောဆိုချင်တိုင်း ပြောဆိုကြကုန်၏။
အရှင်သာရိပုတြာဟောသည်ဟုဆိုလျှင်
အဘိဓမ္မာဒေသနာသည် ဘုရားဟောမဟုတ်ဟူ၍ ပြောဆိုသောသူများလည်း ရှိကြ၏။ ထိုသူတို့၏ စကားမှာ ဘုရားမဟောလျှင် အဘယ်ပုဂ္ဂိုလ် ဟောသနည်းဟူ၍ မေးမြန်းဘွယ်ရှိသည်။ အရှင်သာရိပုတ္တရာဟောသည်ဟုဆိုလျှင် ထိုသူကို များစွာအပြစ်မတင်ထိုက်ပေ။ အရှင်သာရိပုတ္တရာ ဟောသည်ဟုဆိုသော်လည်း အရှင်သာရိပုတ္တရာသည် ဧတဒဂ်ကိုရရှိစေနိုင်သော မိမိ၏ ပညာရင်းအားဖြင့် ဟောနိုင်သည်မဟုတ်ပါ။ မြတ်စွာဘုရားသည် နေ့စဉ်ပေးအပ်သောနည်းကို အမှီးပြုကာ ဟောကြားရသောဒေသနာဖြစ်သည်ကတစ်ကြောင်း၊ မြတ်စွာဘုရား တာဝတိံသာမှာ အဘိဓမ္မာဟောသောအချိန်နှင့် အရှင်သာရိပုတ္တရာ မိမိတပည့်များအား အဘိဓမ္မာသင်ကြားပေးသည့် အချိန်သည် မြတ်စွာဘုရား ခုနစ်ဝါမြောက် တစ်ချိန်တည်းပင်ဖြစ်၏။ မြတ်စွာဘုရားသည် အဘိဓမ္မာကို ဟောတော်မူပြီးနောက် သုံးဆယ့်ရှစ်ဝါတိုင်တိုင် ထင်ရှားရှိနေစဉ်အတွင်း အရှင်သာရိပုတ္တရာဟော အဘိဓမ္မာကို တစ်စုံတစ်ရာအပြစ် ဟောပြခြင်းမပြုဘဲ သဘောတူညီထောက်ခံခြင်းကိုသာ ပြုတော်မူသည်။ ပြုတော်မူကြောင်းကို ရှေးကပြခဲ့ပြီးသော ဘိက္ခုဝိဘင်းပါဠိတော်= သုတ္တန္တေ သြကာသံ ကာရာပေတွာ အဘိဓမ္မံ ၀ါ ၀ိနယံ ၀ါ ပုစ္ဆတိ၊ အဘိဓမ္မေ သြကာသံ ကာရာပေတွာ သုတ္တန္တံ ၀ါ ၀ိနယံ ၀ါ ပုစ္ဆတိ၊ ၀ိနယေ သြကာသံ ကာရာပေတွာ သုတ္တန္တံ ၀ါ အဘိဓမ္မံ ၀ါ ပုစ္ဆတိ။ ဤ၀ိနည်းပါဠိတော်များအပြင် မဟာဂေါသင်္ဂသုတ် ပါဠိတော်လာ အကြောင်းအရာတို့ဖြင့်လည်း သိသာပါ၏။ ဤသို့လျှင် အရှင်သာရိပုတ္တရာသည် အဘိဓမ္မာကို မြတ်စွာဘုရားပေးတော်မူအပ်သော နည်းလမ်းဖြင့် ဟောတော်မူရသည်ကတစ်ကြောင်း၊ ဟောပြီးနောက်လည်း မြတ်စွာဘုရားး သဘောတူ ထောက်ခံတော်မူသည်ကတစ်ကြောင်းတို့ကြောင့် ဘုရားဟောဟူ၍ပင် ပြောဆိုမှတ်ယူအပ်၏။
သီဟိုဠ်ရဟန်းများရေးသည်ဟုဆိုလျှင်
အဘိဓမ္မာကို မြတ်စွာဘုရားလည်း မဟော၊ အရှင်သာရိပုတ္တရာလည်းမဟော၊ နောက်မှ သီဟိုဠ် ကျွန်းသား ရဟန်းများ ရေးထားသော ကျမ်းဖြစ်သည်ဟုဆိုသောသူတို့ကိုမူကား များစွာကဲ့ရဲ့ ရှုပ်ချနှိမ်နင်းကာ ထိုသူတို့ဝါဒကို ပယ်ရှားအပ်၏။ ထိုသူတို့သည် ပြခဲ့ပြီးသော ၀ိနည်းဘိက္ခုဝိဘင်းနှင့် ဘိက္ခူနီဝိဘင်းပါဠိတော်၊ မဟာဂေါသိင်္ဂသုတ်ပါဠိတော်တို့ကို သင်ကြားဖူးမည်ဝေးစွ၊ တွေ့ရုံမျှမတွေ့ဘူး သူများဖြစ်ကြပြီးလျှင် အဘိဓမ္မာမှာလည်း အငွေ့အသက်မျှ မခံစားဘူးသော လူရိုင်းလူနုပ်လူစုပ်လူပဲ့ တို့သာဖြစ်ကြ၏။ အကယ်၍ အဘိဓမ္မာကို သင်ကြားဖူးပါလျှင် ဤစကားမျိုးကို ပြောဝံ့တော့မည် မဟုတ်ပါ။
အဘိဓမ္မာဒေသနာသည် အလွန်တရာမှ ခက်ခဲနက်နဲ သိမ်မွေ့လှသော ဒေသနာဖြစ်၏။ ကြိုးစား၍ သင်လေလေ အဘိဓမ္မာ နက်နဲသိမ်မွေ့ကြောင်း သိလေလေဖြစ်၏။ သိလာသောအခါ ဤမျှလောက် နက်နဲသိမ်မွေ့လှသော တရားတော်ကို သာမညဖြစ်သူ လူနတ်တို့ မည်သည့်နည်းနှင့်မျှ မဟောနိုင်၊ သဗ္ဗညုတဉာဏ်ရှင် မြတ်စွာဘုရားသခင်တို့သာ ဟောနိုင်ရာသေ တရားထူးတရားမြတ်ဖြစ်ကြောင်းကို ကောင်းကောင်းကြီး သန္နိဋ္ဌာန်ကျ ယုံကြည်ကြမည်ဖြစ်သတည်း။