အဘိဓမ္မာနေ့အရေးတော်ပုံ
အဘိဓမ္မာနေ့အရေးတော်ပုံ
၁၉၅၁၊ အောက်တိုဘာ ၂၀ ရက်၊ စနေနေ့
အဘိဓမ္မာနေ့ (ကိုရင်စက္ကန္ဒရေးသည်)
မြန်မာနိုင်ငံတော်သည် အဘိဓမ္မာသင်ကြားမှုအတွက် ကျော်ကြားထိုက်သည့်အတိုင်း
ကျော်ကြားခဲ့ပေသည်။ သီတင်းကျွတ်လပြည့်နေ့ကို နိုင်ငံတော်တစ်ဝှမ်းလုံးတွင်
အဘိဓမ္မာနေ့အဖြစ် ဆင်ယင်ကျင်းပကြသည်။ အကြောင်းကိုဆိုသော်
မြတ်စွာဘုရားသခင်သည် (၇)၀ါမြောက်တွင် မယ်တော်ဖြစ်ခဲ့ဖူးသော
သန္တုဿိတနတ်သားစံမြန်းရာ တုသိတာနတ်ပြည်၌ အဘိဓမ္မာတရားတော်ကို
ကြွရောက်ဟောကြားပြီးသကာလ သင်္ကဿနဂိုရ်ပြည်သို့ သက်ဆင်းတော်မူသောနေ့မှာ
သီတင်းကျွတ်လပြည့်နေ့ဖြစ်သည်ဟု ယုံကြည်ကြသောကြောင့်ဖြစ်သည်။ မြတ်စွာသခင်သည်
သင်္ကဿနဂိုရ်ပြည်သို့ သက်ဆင်းတော်မူသောအခါ တာဝတိံသာနတ်သနင်း
သကြားမင်းနှင့်ဗြဟ္မာမင်းတို့သည် မြတ်စွာဘုရားသခင်၏ နံပါးမှ ခြံရံလျက် လိုက်ပါကြကုန်၏။ ဤသို့ သက်ဆင်းတော်မူရာတွင် သင်္ကဿနဂိုရ်ပြည်သားအပေါင်းတို့သည်လည်း မြတ်စွာဘုရားသခင်အား ဆီမီးတန်ဆောင်တန်ဆောင်တို့ဖြင့် ထိန်ထိန်ညီးအောင် ပူဇော်ကြကုန်၏။ ထိုမှ အစပြု၍ သီတင်းကျွတ်လတွင် ဆီမီးပူဇော်ပွဲဆင်ယင်ကျင်းပသောဓလေ့ ဖြစ်ပေါ်လာလေသည်။
ရန်ကုန်မြို့၊ မြို့တော်ခန်းမကြီး၌ နောက်ဆုံးကျင်းပခဲ့သော အဘိဓမ္မာနေ့
အခမ်းအနားပွဲသို့ နိုင်ငံတော် ၀န်ကြီးချုပ်သခင်နုသည်လည်း
ကြွရောက်ကာမိန့်ခွန်းမြွက်ကြားသောအားဖြင့် အားပေးချီးမြှောက်ခဲ့ပေ သည်။ ကျွန်ုပ်တို့၏ခေါင်းဆောင်ကြီးသခင်နုသည် နိုင်ငံရေးစိတ်ပြင်းပြ သကဲ့သို့ပင် သာသနာရေးပြန့်ပွားမှု၌လည်း စေတနာသဒ္ဓါတရားထက်သန်သည့်အတွက် ကျော်ကြားသည့်ပုဂ္ဂိုလ်ကြီးတစ်ဦးဖြစ်သည့်အလျောက်
ဤသို့ ကြွရောက်ချီးမြှောက်သည်မှာ လျော်ကန်လှပါပေသည်။
မြန်မာသတင်းစာများတွင် ဖော်ပြသော အဘိဓမ္မာနေ့အကြောင်း၌ မြတ်စွာဘုရားသခင်သည်
မယ်တော်ဖြစ်ခဲ့ဖူးသော သန္တုဿိတနတ်သား အမှူးရှိသော နတ်ဗြဟ္မာအပေါင်းတို့အား
အဘိဓမ္မာတရားတော်ကို ဟောကြားရန် နတ်ပြည်သို့ကြွမြန်း တော်မူကြောင်း
ပါရှိလေသည်။
မြတ်စွာဘုရားသခင် နတ်ပြည်သို့ကြွရောက်ကာ
အဘိဓမ္မာတရားတော် ဟောကြားတော်မူသည်ဟူသော ပုံဝတ္ထုကို မြတ်စွာဘုရားသခင်
ကိုယ်တော်တိုင် တခါဘူးမျှ ထုတ်ဖော်မြွက်ဆိုတော်မူခဲ့ခြင်းမရှိခဲ့ချေ။
ဗုဒ္ဓသာသနာ၏ သင်္ဂါယနာတင်ကျမ်းစာများဖြစ်သော ပိဋကတ်တော်များ၌ပင်
ထိုအကြောင်းနှင့်စပ်လျဉ်း သော ညွှန်ပြချက် မရှိချေ။
ခရစ်သက္ကရာဇ်ငါးရာစုတွင်ကျော်ကြားခဲ့သော အဋ္ဌကထာဆရာ ရှင်ဗုဒ္ဓဃောသ သည် ဤပုံဝတ္ထုကို ဦးစွာထုတ်ဖော်မိန့်မြွက်လေသည်။ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူပြီးသည့်နောက် ဖြစ်ပေါ်လာသောတရားဓမ္မနှင့်စပ်ဆိုင်သည့်
ဝိ၀ါဒများကို ရှင်းလင်းရာဖြစ်သော အဘိဓမ္မာခုနစ်ကျမ်း တို့တွင်
တစ်ကျမ်းမျှအပါဝင်ဖြစ်သည့် ကထာဝတ္ထုကျမ်း၏အဖွင့်၊ မိမိ၏ကထာဝတ္ထုအဋ္ဌကထာ၌
၎င်းပုံဝတ္ထုကိုဖော်ပြထား၏။ မြန်မာနိုင်ငံတော်အတွင်းရှိ
ဗုဒ္ဓ၀ါဒီအနည်းငယ်ပါဝင်သော ပုဂ္ဂိုလ်အချို့ ကမူ ဤအချက်ကို
ရယ်ရွှင်ဖွယ်ပုံဝတ္ထုကလေးကဲ့သို့ ရှင်ဗုဒ္ဓဃောသ၏ ထွင်ချက်တစ်ခုသာဟု ယူဆရန်
စိတ်ညွတ်လျက်ရှိကြ၏။
ဤပုံဝတ္ထုကိုထွင်ရာ၌ ရှင်ဗုဒ္ဓဃောသသည်
မူလအရင်းခံ မဟုတ်ချေ။ ယောဂါဝစရဂိုဏ်းကို နောင်တော် ၀သုဗန္ဓုနှင့်အတူ
ထူထောင်ခဲ့သော ရှင်အသင်္ဂသည် တုသိတာနတ်ပြည်၌ စံမြန်းနေသော
မေတ္တေယျဘုရားလောင်းတော် နတ်သားထံသို့ ကြွရောက်ခဲ့ရာမှ စိတ်ကူးဉာဏ်
ပွင့်လင်းခဲ့ဟန်ဆောင် ၍ ရေးသားခဲ့ဘူး၏။ ရှင်အသင်္ဂသည် ခရစ်နှစ် သုံးရာစု၊
လေးရာစုအတွင်း၌ ကျော်စောထင်ရှားခဲ့ရကား ဤသို့မြတ်စွာဘုရားသခင်
နတ်ပြည်သို့ကြွမြန်းကာ အဘိဓမ္မာတရားတော်ကို ဟောကြားတော်မူသည့် ၀တ္ထုကြောင်း
စိတ်ကူးဉာဏ်ကို ရှင်အသင်္ဂထံမှ ရှင်ဗုဒ္ဓဃောသရရှိခဲ့သည် ဖြစ်ရပေမည်။ ရှင်အသင်္ဂ
အတွက်မှာကား ၎င်း၏စိတ်ကူးဉာဏ်ပွင့်လင်းမှုကို ဘုရားလောင်းမေတ္တေယျနတ်သားအထံမှ
ရရှိကြောင်း ဖော်ပြသည်မှာ အဆင်ပြေပေသည်။ သို့ရာတွင်
မြတ်စွာဘုရားအဘို့မှာမူကား သဗ္ဗညုတဉာဏ်တော်ရှင်ဖြစ်သည့်အလျောက် မည်သည့်နတ်ဗြဟ္မာတစ်ဦးတစ်ယောက်အထံမှ
စိတ်ကူးဉာဏ်ပွင့်လင်းမှု ရရှိခဲ့သည်ဟု မဆိုနိုင်ချေ။ သို့ဖြစ်သောကြောင့်
မြတ်စွာဘုရားသခင်သည် မယ်တော်မိနတ်သားအား အဘိဓမ္မာတရားတော်ကို
ဟောကြားတော်မူရန် နတ်ပြည်သို့ ကြွရောက်သည်ဟု ရှင်ဗုဒ္ဓဃောသ
ထွင်လုံထုတ်ရခြင်းဖြစ်လေသည်။
နတ်ပြည်သို့ကြွရောက်ကြောင်း
ဝတ္ထုမျိုးသည် ထိုခေတ်က လူအများ၏ စိတ်ကူးမှုဖြစ်၏။ ထင်မြင်ယူဆချက်
ပြောင်းလဲမှုကြီးတရပ်ရပ် ဖြစ်ပေါ်လာခြင်းကို ဖော်ပြရန် ဤကဲ့သို့
နတ်ပြည်ကြွရောက်ကြောင်းဖြင့် တင်စားပြောဆိုခြင်းသည်
စကားတန်ဆာတင်နည်းတစ်မျိုး ဖြစ်ချေ သည်။ ရှင်ဗုဒ္ဓဃောသသည် သီဟိုဠ်ကျွန်း
မဟာဝိဟာရတိုက်မှ ပညာဆီမီးကြီးတစ်ဆူဖြစ်ခဲ့၏။ ထိုအခါက သီဟိုဠ်ကျွန်း၌
အပြိုင်အဆိုင်ဖြစ်သော အဘယဂီရိကျောင်းတိုက်မှ မြောက်ပိုင်းသာသနာကို
သင်ပြလျက်ရှိကြောင်း ယခုအခါ ကောင်းစွာသိရပေပြီ။ ရှင်အသင်္ဂ တုသိတာနတ်ပြည်သို့
ကြွရောက်ခဲ့ဖူးကြောင်းပုံဝတ္ထုကို
အဘယဂီရိကျောင်းတိုက်နေ ဆရာနှင့်တပည့်တို့ ကောင်းစွာ သိရှိကြသည်မှာ
သဘာဝကျပေသည်။ ထိုသူတို့ထက် သာလွန်စေရန် ရှင်ဗုဒ္ဓဃောသသည် မြတ်စွာဘုရားသခင်
တုသိတာနတ်နန်းသို့ ကြွမြန်းတော်မူကြောင်းကို ရှင်ဗုဒ္ဓဃောသ ထွင်ခဲ့မည်မှာ ဟ
ုတ်တန်ရာသည်။ မြတ်စွာဘုရားသခင် နတ်ပြည်သို့ ကြွတော်မူကြောင်းသည်
ထင်မြင်ယူဆချက် ပြောင်းလဲမှုကြီးတစ်ရပ်ကို ဖော်ပြလိုသောကြောင့်
စကားတန်ဆာဆင်ခြင်းတစ်ရပ်မျှသာ ဖြစ်သည်ဟု လက်ခံပါလျှင် သဘာဝကျပေမည်။
ထိုသို့မဟုတ်ဘဲ စာအတိုင်း တိုက်ရိုက်အဓိပ္ပါယ်ကောက်ယူမည် ဆိုလျှင်
ဗုဒ္ဓ၀ါဒီများအဘို့ပင် ခဲတောင့်ခဲယဉ်း ယုံကြည်ရမည်ကဲ့သို့ ဖြစ်ချေသည်။
(အထက်ပါ ရှင်စက္ကိန္ဒ၏ စွပ်စွဲချက်နှင့်ပတ်သက်၍ ၀ိနိစ္ဆယ ၁၂ စောင်
ပေါ်ထွက်ခဲ့ပါသည်။ ထိုတွင် ပါဠိဘာသာမူတစ်စောင်၊ နိသျမူတစ်စောင် ပါရှိပါသည်။
၎င်းတို့ကို ဤနေရာ၌ မတင်တော့ဟု ယူဆမိပါသည်။ အဆိုပါနှစ်စောင်ကို လိုချင်ပါမူ
မူရင်းအရေးတော်ပုံကျမ်းကိုသာ ရှာဖွေဖတ်ရူကြပါဟု တိုက်တွန်းလိုက်ရပါသည်။)
ပခုက္ကူ၊ အဂ္ဂမဟာပဏ္ဍိတ ဆရာတော် ဦးနန္ဒ၀ံသဆုံဖြတ်ချက်။
ကထာဝတ္ထုကျမ်းကိုဖွင့်မှ မြတ်စွာဘုရား တာဝတိံသာနတ်ပြည်သို့ ကြွ၍
အဘိဓမ္မာဒေသနာတော်ကို ဟောတော်မူကြောင်း ပေါ်ပေါက်လာ၍ဟု စွပ်စွဲ၏။
ထိုစွပ်စွဲချက်သည် လေဖန်းဒါန်းစီးဆိုသကဲ့သို့ သူများလေသံကို ဖမ်း၍
အရမ်းမဲ့စွပ်စွဲချက်သာတည်း။ ကထာဝတ္ထုအဖွင့်၌သာမဟုတ်၊ ဓမ္မသင်္ဂဏီအဖွင့်၊
အဋ္ဌသာလိနီအဋ္ဌကထာ၌လည်း-
၁။ အပရဘာဂေပိ ဟိ တထာဂတော တာဝတိံသဘ၀နေ ပါရိစ္ဆတ္တကမူလေ
ပဏ္ဍုကမ္ဗလသိလာယံ ဒသသဟဿစက္က၀ါဠဒေ၀တာနံ မဇ္ဈေ နိသိန္နော မာတရံ ကယသက္ခိံ ကတွာ
ကုသလာဓမ္မာ အကုသလဓမ္မာ အဗျာကတာဓမ္မာတိ ဓမ္မံ ဒေသေန္တော သတဘာဂေန သဟဿဘာဂေန
သတသဟဿဘာဂေန ဓမ္မန္တရာ ဓမ္မန္တရံ သင်္ကမိတွာ သင်္ကမိတွာဝ ဒေသေတိ။
ထိုအတူ ၀ိသုဒ္ဓိမဂ်အဋ္ဌကထာ၊ ဣဒ္ဓိဝိဓနိဒ္ဒေသ၌-
၂။ ဘဂ၀ါ ကိရ ယမကပါဋိဟာရိယံ ကတွာ (ပ) တတ္ထ ပဏ္ဍကမ္ဗလသိလာတလေ ၀ဿံ ဥပဂန္တွာ သန္နိပတိတာနံ ဒသသဟဿစက္က၀ါဠဒေ၀တာနံ အာဒိတော ပဋ္ဌာယ အဘိဓမ္မကထံ အာရဘိ။
ထိုအတူ ဓမ္မပဒအဋ္ဌကထာ၊ ဒေဝေါရောဟန၀တ္ထု၌-
၃။ သတ္ထာရံပိ မာတု အဘိဓမ္မဒေသနတ္ထံ ပဏ္ဍုကမ္ဗလသိလာယံ ၀ဿံ ဥပဂတံ ဒသသဟဿစက္က၀ါဠ ဒေ၀တာ ပရိဝါရယိံသု။
ထိုအတူ ပရမတ္ထဇောတိက သုတ္တနိပါတ်အဋ္ဌကထာ၊ သာရိပုတ္တသုတ်အဖွင့်၌လည်း-
၎။ ကတပါဋိဟာရိယဿ ဘဂ၀တော တာဝတိံသဘ၀နဂမနံ၊ တတ္ထ တေမာသံ ဓမ္မဒေသနာ။
ထိုအတူ ပေတ၀တ္ထုအဋ္ဌကထာ၊ အင်္ကုရပေတ၀တ္ထုအဖွင့်၌လည်း-
၅။ အမှာကံ ဘဂ၀ါ အဘိသမ္ဗောဓိတော သတ္တမေ သံဝစ္ဆရေ အာသဠှိပုဏ္ဏမာသံ
သာဝတ္ထိနဂရဒွါရေ ကဏ္ဍမ္ဗရုက္ခမူလေ ယမကပါဋိဟာရိယံ ကတွာ အနုက္ကမေန တာဝတိံသဘ၀နံ ဂန္တွာ
ပါရိစ္ဆတ္တကမူလေ ပဏ္ဍုကမ္ဗလသိလာယံ ယုဂန္ဓရပဗ္ဗတေ ဗာလသူရိယောဝိယ ၀ိရောစမာနော ဒသဟိ
လောကဓာတူဟိ သန္နိပတိတာယ ဒေ၀ဗြဟ္မပရိသာယ ဇုတိံ အတ္တနော သရီရပ္ပဘာယ အဘိဘ၀န္တော
အဘိဓမ္မံ ဒေသေတုံ နိသိန္နော။
ထိုအဋ္ဌကထာများတွင်
ပေတ၀တ္ထုအဋ္ဌကထာမှကြွင်းသော အဋ္ဌကထာများကို အသျှင် မဟာဗုဒ္ဓဃောသထေရ် စီရင်အပ်၏။
ပေတ၀တ္တုအဋ္ဌကထာကို အိန္ဒိယတောင်ပိုင်း၊ ကိဉ္စိပူရမြို့၊ ဗဒရတိတ္ထမည်သော
အသောကကျောင်းတိုက်နေ အသျှင်ဓမ္မပါလထေရ် စီရင်အပ်၏။ ထိုအဋ္ဌကထာ များကိုလည်း
ဗုဒ္ဓဘာသိတ-ဘုရားဟောမဟုတ်သောကြောင့်
မယုံကြည်နိုင်ဟု ပညာရှိတို့၏ စိတ်နှလုံးကို တုန်လှုပ်စေတတ်သော
စကားကိုပြောဆိုတတ်သော (၀ိတဏ္ဍ၀ါဒီသာသနနာမထေနက) ပုဂ္ဂိုလ်များက ဆိုပေရာ၏။
ထိုစကားသည်လည်း ဗုဒ္ဓဘာသာဝင် ရိုးရာကျသော သူတော်ကောင်းတို့၏ စကားမျိုးမဟုတ်။
ထိုအဋ္ဌကထာများကား အသျှင်မဟာဗုဒ္ဓဃောသထေရ်စ၍ စီရင်အပ်သောကျမ်းများမဟုတ်ခဲ့။
ပကိဏ္ဏကဒေသနာတော်၏အဖြစ်ဖြင့် ဘုရားဟောအပ်သော တရားစကားများကို မြတ်စွာဘုရား
လက်ထက်တော်ကစ၍ သီဟိုဠ်ကျွန်း ၀ဋ္ဋဂါမဏိမင်းလက်ထက်တိုင်အောင်
နှုတ်ငုံဆောင်ရွက်ခဲ့ကြ ကုန်၏။ ထိုပကိဏ္ဏကဒေသနာကိုပင် အဋ္ဌကထာအဖြစ်ဖြင့်
သံဂါယနာတင်ခဲ့ကြကုန်၏။ ထိုအဋ္ဌကထာ ကို မဟာအဋ္ဌကထာဟု ခေါ်ကြကုန်၏။ ထိုမဟာအဋ္ဌကထာကို
အမှီပြု၍ ကုရုန္ဒီအဋ္ဌကထာ၊ မဟာပစ္စရိ အဋ္ဌကထာ၊ အန္ဓကအဋ္ဌကထာ၊ သင်္ခေပအဋ္ဌကထာများကို
နောက်ဆရာများ ပြုစီရင်ကြကုန်၏။ ထိုအဋ္ဌကထာများကို တစ်ပါးသောဘာသာဝင်တို့
မနှောက်ယှက်နိုင်ရန်အကျိုးငှါ သီဟိုဠ်ဘာသာသို့ ပြောင်းလဲကြကုန်၏။
အသျှင်မဟာဗုဒ္ဓဃောသထေရ်သည် အဋ္ဌကထာသစ်ကို ပြုစီရင်လိုသောအခါ မဟာအဋ္ဌကထာကို
ပဓာနကိုယ်ပြု၍ ကြွင်းသောအဋ္ဌကထာများမှ ကောင်းမြတ်သော အချက်အလက် တို့ကို
ထည့်သွင်းလျက် သီဟိုဠ်ဘာသာမှ မဂဓဘာသာသို့ပြန်၊ အလွန်ကျယ်သော
အနက်အဓိပ္ပါယ်ကို အကျဉ်းချုံး၊ အလွန်ကျဉ်းသော အနက်အဓိပ္ပါယ်ကို အကျယ်ချဲ့၍
ပြုစီရင်ခဲ့၏။ ဤမျှသာထူး၏။ မူလ အဋ္ဌကထာအတိုင်းသာတည်း။ ဤအကြောင်းများကား
သမန္တပါသာဒိကအဋ္ဌကထာအစ ပဏာမ၊ ပဋိညာဉ်၊ ကရဏပ္ပကာရ၊ ဂန္ထာရမ္ဘအပိုင်းအခန်းဖြင့်
ထင်ရှား၏။ လေ့လာဘူးက သိလိမ့်မည်။ ဤသို့ မဟာကဿပထေရ်၊ အသျှင်ဥပါလိထေရ်၊
အသျှင်အာနန္ဒာထေရ်မှစ၍ ယနေ့တိုင်အောင် ဆရာစဉ်ဆက် ဆောင်ရွက်လာခဲ့သော
အဋ္ဌကထာများသည် မပြောလောက်ဖွယ် အနည်းငယ်သော စာရေးစာပြင်တို့၏
မှားယွင်းချက်ကိုထား၍ မပျက်မစီးဘဲ တည်ရှိခဲ့၏။ ချဲ့အံ့၊ မြတ်စွာဘုရား
ပရိနိဗ္ဗာန် စံပြီးနောက် ၂၃၅ နှစ်မြောက်ရောက်သောအခါ ပါဋလိပုတ်ပြည်ကြီး၏အရှင်
သိရီဓမ္မာသောကမင်းကို အမှီပြု၍ မဟာမောဂ္ဂလိပုတ္တတိဿထေရ် အမှူးရှိသော
တစ်ထောင်သော ရဟန္တာကြီးများ အသောကာရာမကျောင်းတိုက်၌
တတိယသင်္ဂါယနာတင်တော်မူခဲ့ကြ၏။ သင်္ဂါယနာတင်ပြီးနောက် သာသနာတော်သက္ကရာဇ် ၂၃၅
နှစ်၌သာ မဟာမောဂ္ဂလိပုတ္တတိဿထေရ်သည် မိမိတပည့်ဖြစ်သော သောဏထေရ်၊
ဥတ္တရထေရ်တို့ကို နောက်ပါသုံးပါးနှင့်တကွ ငါတို့မြန်မာပြည်၊
သုဓမ္မပူရသထုံပြည်သို့ သာသနာပြုစေလွှတ်တော်မူခဲ့၏။ ထိုအခါမှစ၍ ယနေ့
သာသနာတော်သက္ကရာဇ် ၂၄၉၅ ခုနှစ် တိုင်အောင် တည်ရှိသော တပည့်အဆက်ဆက်သည်လည်း
သောဏထေရ်၊ ဥတ္တရထေရ်တို့၏ တပည့်ချည်းသာတည်း။
ထိုနှစ်ကာလအတွင်း၌လည်း သာသနာဆက် ပျက်ဘူးသည်ဟူ၍ မရှိခဲ့။ မပြောလောက်ဖွယ်
အနည်းငယ်မျှသာ ( ဂငယ်သုံးခု၊ မြန်မာပြည်သည်၊ ဥသျှစ်ထု)ဟု ရာဇ၀င်တို့၌
ဆိုရိုးပြကြသော ကောဇာသက္ကရာဇ် ၈၈၈ ခုနှစ်၌ ရှမ်းစလုံသိုဟန်ဘွား အနှစ် ၂၀
ခန့်လောက်အတွင်း အင်းဝမြို့၌ နန်းစံ စဉ် ရဟန်းပေါင်း ခုနစ်ရာကျော်ကိုသတ်၊
ပိဋကတ်စာပေများကို မီးရှို့၍ သာသနာတော်ဖျက်ဆီး၏ဟု ရာဇ၀င်တို့၌ တွေ့ရဘူး၏။
ထိုစဉ်အခါကလည်း တစ်နိုင်ငံလုံးကို မဖျက်ဆီးနိုင်။ ထိုကြောင့် သာသနာဆက်
ပျက်စီး၏ဟု မရှိခဲ့ဘူးပေ။ သို့မရှိသောကြောင့် သင်္ဂါယနာတင် ရဟန္တာကြီးများမှစ၍
ယခုတိုင်အောင် ဆရာစဉ်ဆက် ဆောင်ရွက်လာခဲ့သော အဋ္ဌကထာများကိုလည်း ဗုဒ္ဓဘာသာတု၊
ဗုဒ္ဓဘာသာယောင်၊ ဗုဒ္ဓဘာသာအရေခြုံမဟုတ်၊ ဗုဒ္ဓဘာသာအစစ်အမှန်ဖြစ်သော
သူတော်ကောင်း မှန်သမျှသည် ပိဋကတ်သုံးပုံ ပါဠိတော်များကဲ့သို့ပင်
ယုံကြည်ထိုက်ကြ၏။ သုတ္တန်လာ မဟာပဒေသလေးပါး၊ အဋ္ဌကထာလာ
မဟာပဒေသလေးပါးတို့နှင့်တိုက်ဆိုင်ပြန်သော်လည်း
ဆန့်ကျင်သောအချက်ဟူ၍ မရှိခဲ့။ သို့မရှိခဲ့သောကြောင့်လည်း ဗုဒ္ဓဘာသာတု၊
ဗုဒ္ဓဘာသာယောင်၊ ဗုဒ္ဓဘာသာအရေခြုံမဟုတ်၊ ဗုဒ္ဓဘာသာအစစ်အမှန်ဖြစ်သော
သူတော်ကောင်းမှန်သမျှသည် ပိဋကတ် သုံးပုံပါဠိတော်များကဲ့သို့ပင်
ယုံကြည်ထိုက်ကြ၏။
ပစ္စက္ခသိဒ္ဓအနက်၊ အနုမာနသိဒ္ဓအနက်၊
သြကပ္ပနသိဒ္ဓအနက်အားဖြင့် စုံစမ်းဆင်ခြင်ပြန်သော်လည်း အဋ္ဌကထာများကို
စည်းစနစ်ကျအောင် လေ့လာခဲ့သော် နည်းမှန်လမ်းမှန် အနက်မှန်အဓိပ္ပါယ်မှန်
အကျင့်မှန်များကို ယထာဘူတနည်းမှန်ကျအောင် သိကြရခြင်း၊ သိသည့်အတိုင်း
ကျင့်ပြန်ကလည်း ထိုက်သည့်အားလျော်စွာ ဖြစ်သင့်သောအကျိုးများကို
ခံစားရခြင်းတည်းဟူသော မျက်မှောက်၌ ဖြစ်သော အကျိုးအနက်များသည်
ပစ္စက္ခသိဒ္ဓအနက်မည်၏။
အဋ္ဌကထာများဖွင့်ပြသည့်အတိုင်း သီလ၊ သမာဓိ၊
ပညာများကို ကျင့်ကြံကြိုးကုတ် အားထုတ်ခဲ့သော် မဂ်ဖိုလ်နိဗ္ဗာန်တည်းဟူသော
ပဋိဝေဓများကို ဧကန်ရလတံ့ဟု အနုမာနမှန်းဆသောအားဖြင့် သိရသော
အကျိုးအနက်များသည် အနုမာနသိဒ္ဓအနက်မည်၏။
ဤကဲ့သို့
နည်းမှန်လမ်းမှန် သီလသမာဓိပညာအကျင့်များကို ဟောစွမ်းနိုင်သောပုဂ္ဂိုလ်ကား
သာမညပုဂ္ဂိုလ်မဟုတ်ပေ။ အနာဝရဏသဗ္ဗညုတဉာဏ်ရှင်ဖြစ်တော်မူသော
မြတ်စွာဘုရားသာတည်း။ မြတ်စွာဘုရား၏ အလိုတော်ကျဖွင့်ပြနိုင်သော
အဋ္ဌကထာဆရာများသည်လည်း သာမညပုဂ္ဂိုလ်များ မဟုတ်နိုင်ပေ။ ဆဠာဘိည၊
ပဋိသမ္ဘိဒါပတ္တရဟန္တာတို့ချည်းသာတည်းဟု ယုံကြည်သဖြင့်ရအပ်သော အနက်သည် သြကပ္ပနသိဒ္ဓအနက်မည်၏ဟု သိနိုင်ကြမည်။
ဤသို့ဆင်ခြင်ပြန်ကလည်း ဗုဒ္ဓဘာသာတု၊ ဗုဒ္ဓဘာသာယောင် ဗုဒ္ဓဘာသာအရေခြုံမဟုတ်၊
ဗုဒ္ဓဘာသာ အစစ်အမှန်ဖြစ်သော သူတော်ကောင်းဟူသမျှသည် မယုံကြည်နိုင်စရာ
အကြောင်းမရှိ။ ဤကား မဟာကဿပထေရ်၊ အသျှင်ဥပါလိထေရ်၊ အသျှင်အာနန္ဒာထေရ်စသော
ရဟန္တာအရှင်မြတ်ကြီးများ ကိုယ်တွေ့မျက်မြင် ပစ္စက္ခသိဒ္ဓဖြစ်၍
ဆောင်ရွက်လာခဲ့ကြသော အဋ္ဌကထာများကို ယုံကြည်ထိုက်ပုံကို ပြဆိုချက်တည်း။
ဤသို့အဋ္ဌကထာများကို ယုံကြည်ထိုက်ပုံကိုပြဆိုသဖြင့် အဋ္ဌကထာများ၌လာသည့်အတိုင်း
မြတ်စွာဘုရားသည် သတ္တမ၀ါ သုံးလပတ်လုံး တာဝတိံသာနတ်ပြည် ပင်လယ်ကသစ်ပင်၏အောက်
ပဏ္ဍုကမ္ဗလာမြကျောက်ဖျာ၌ နေတော်မူလျက် မယ်တော်ဖြစ်ခဲ့ဖူးသည့် သန္တုဿိတနတ်သားကို
အမှူးပြု၍ တစ်သောင်းသောစကြ၀ဠာမှ လာရောက်စည်းဝေးကြကုန်သော နတ်ဗြဟ္မာတို့အား
အဘိဓမ္မာပိဋကတော်ကို ဟောအပ်သည်၏အဖြစ်ကို ပြဆိုလိုက်၏။
ဤသို့ဆိုပြီးသည့်အတိုင်း အဘိဓမ္မာပိဋကကို ဗုဒ္ဓဘာသိတ-ဘုရားဟောမဟုတ်ဟု
ဗုဒ္ဓဘာသာတု၊ ဗုဒ္ဓဘာသာယောင်၊ ဗုဒ္ဓဘာသာအရေခြုံမဟုတ်၊
ဗုဒ္ဓဘာသာအစစ်အမှန်ဖြစ်သော အဘယ်ပုဂ္ဂိုလ်ဆိုဝံ့အံ့နည်း။ ဤကား
အဋ္ဌကထာစကားများဖြင့် အဘိဓမ္မာပိဋက၏ ဗုဒ္ဓဘာသိတ ဘုရားဟော၏အဖြစ်ကို
ပြဆိုချက်တည်း။
အဘိဓမ္မာပိဋက၏ ဗုဒ္ဓဘာသိတ ဘုရားဟော၏အဖြစ်ကို ပါဠိတော်နည်းဖြင့် ပြဆိုအံ့။ ။
၆။ တာဝတိံသေ ယဒါ ဗုဒ္ဓေါ၊ သိလာယံ ပဏ္ဍုကမ္ဗလေ။ ပါရိစ္ဆတ္တကမူလမှိ၊ ၀ိဟာသိ
ပုရိသုတ္တမော။ ဒသသု လောကဓာတူသု၊ သန္နိပတိတွာန ဒေ၀တာ။ ပယိရုပါသန္တိ သမ္ဗုဒ္ဓံ၊
ဝသန္တံ နဂမုဒ္ဓနိ။
န ကောစိ ဒေဝေါ ၀ဏ္ဏေန၊ သမ္ဗုဒ္ဓံ အတိရောစတိ။ သဗ္ဗေဒေဝေ အတိဂ္ဂယှ၊ သမ္ဗုဒ္ဓေါဝ ၀ိရောစတိ။ (ခုဒ္ဒကနိကာယ်၊ ပေတ၀တ္ထုပါဠိတော်၊ အင်္ကုရပေတ၀တ္တု။)
၇။ အနာပတ္တိ န၀ိဝဏ္ဏေတုကာမော ဣင်္ဃ တွံ သုတ္တန္တေ ၀ါ ဂါထာယော ၀ါ အဘိဓမ္မံ ၀ါ
ပရိယာပုဏဿု၊ ပစ္ဆာ ၀ိနယံ ပရိယာပုဏိဿသီတိ ဘဏတိ။ (ခုဒ္ဒကနိကာယ်၊ ၀ိနယပိဋက၊
ဘိက္ခုဝိဘင်း၊ သုဒ္ဓပါစိတ်၊ သဟဓမ္မိက၀ဂ်၊ ၀ိလေခနသိက္ခာပုဒ်။)
၈။ ပဉှံ
ပုစ္ဆေယျာတိ သုတ္တန္တေ သြကာသံ ကာရာပေတွာ ၀ိနယံ ၀ါ အဘိဓမ္မံ ၀ါ ပုစ္ဆတိ၊
အာပတ္တိပါစိတ္တိယဿ။ ၀ိနယေ သြကာသံ ကာရာပေတွာ သုတ္တန္တံ ၀ါ အဘိဓမ္မံ ၀ါ ပုစ္ဆတိ၊
အာပတ္တိပါစိတ္တိယဿ။ အဘိဓမ္မေ သြကာသံ ကာရာပေတွာ သုတ္တန္တံ ၀ါ ၀ိနယံ ၀ါ ပုစ္ဆတိ၊
အာပတ္တိပါစိတ္တိယဿ။ ( ဘိက္ခုနီဝိဘင်း၊ သုဒ္ဓပါစိတ်၊ ဆတ္တ၀ဂ်၊ ဒွါဒသမ အနောကာသကတ
သိက္ခာပုဒ်။)
၉။ ဣဓာဝုသော သာရိပုတ္တ ဒွေ ဘိက္ခူ အဘိဓမ္မာကထံ ကထေန္တိ၊ တေ
အညမညံ ပဉှံ ပုစ္ဆန္တိ၊ အညမညဿ ဥှံ ပုဋ္ဌာ ၀ိသဇ္ဇန္တိ၊ နော စ သံသာရေန္တိ၊ ဓမ္မိကာ စ
နေသံ ကထာ ပ၀တ္တိနီ ဟောတိ၊ ဧ၀ရူပေန ခေါ အာဝုသော သာရိပုတ္တဘိက္ခုနာ
ဂေါသိင်္ဂသာလ၀နံ သောဘေယျာတိ။ သာဓု သာဓု သာရိပုတ္တ သမ္မာဗျာကရမာနော ဗျာကရေယျ၊
မောဂ္ဂလာနော ဟိ သာရိပုတ္တ ဓမ္မကထိတောတိ။ (မဇ္ဈိမနိကာယ်၊ မူလပဏ္ဏာသ၊ မဟာယမက၀ဂ်၊
ဒုတိယမဟာဂေါသိင်္ဂသုတ်။) ဟူသော မြတ်ဗုဒ္ဓ ဟောတော်မူအပ်သည့် ပါဠိတော်များကို
မတွေ့မမြင်၍သာ သည်းချေပျက်၍ ရူးသွပ်သော ပိတ္တုမ္မတ္တကပုဂ္ဂိုလ်ကဲ့သို့
ထင်မိထင်ရာ ကယောင်ချောက်ခြား ရေးသားအပ်သောစွပ်စွဲချက်သာတည်း။
ထိုပါဠိတော်တို့တွင် (၆) နံပါတ် ပေတ၀တ္ထုပါဠိတော်ဖြင့် အဘိဓမ္မပိဋကကို
ဟောတော်မူရာ တာဝတိံသာနတ်ပြည် ပင်လယ်ကသစ်ပင်၏အောက် ပဏ္ဍုကမ္ဗလာမြကျောက်ဖျာဟု
ဆိုအပ်သော ဒေသနိဒါန်း၊ မြတ်စွာဘုရားဟုဆိုအပ်သော ဒေသကနိဒါန်းများကို
တိုက်ရိုက်ဆောင်အပ်ပြီးသော အနက်ရှိသော နီတတ္ထနည်းဖြင့် ပြတော်မူ၏။
ထိုတာဝတိံသာနတ်ပြည် ပင်လယ်ကသစ်ပင်၏အောက် ပဏ္ဍုကမ္ဗလာမြကျောက်ဖျာ၌ နေတော်မူလျက်
သုံးလပတ်လုံး အဘိဓမ္မပိဋကကို ဟောတော်မူ၏ဟု အဘိဓမ္မပိဋကဟုဆိုအပ်သော
ဒေသေတဗ္ဗဓမ္မကိုလည်း ဆောင်၍သိအပ်သိသင့်သိထိုက်သော အနက် ရှိသော
နေယျတ္ထနည်းဖြင့် ပြတော်မူ၏။ (၇၊ ၈) နံပါတ် ပါစိတ်ပါဠိတော်များဖြင့်
အဘိဓမ္မပိဋက၏ ဗုဒ္ဓဘာသိတ ဘုရားဟော၏အဖြစ်ကို ပြတော်မူ၏။ ဤပါစိတ်ပါဠိတော်များလာ
အဘိဓမ္မံဟူသောပုဒ်ကို သာသနာပကျမ်းများမှ ဆောင်ယူ၍ မြတ်စွာဘုရား ဟောသလော၊
သို့မဟုတ်၊ မြောက်ပိုင်းသာသနာ မဟာယာနဂိုဏ်းသားများ စီရင်အပ်သော
ကျမ်းမှယူဆောင်၍ ဟောသလောဟု သာသနနာမထေနက သာသနာ့အရေခြုံပုဂ္ဂိုလ်ကို မေးသင့်၏။
(၉) နံပါတ် ဂေါသိင်္ဂသုတ်ပါဠိတော်ဖြင့် အဘိဓမ္မာဆိုင်ရာ ရုပ်နာမ်အပိုင်းအခြားတရားစကားကို ပြောဟောတတ်သော ပုဂ္ဂိုလ်မျိုးဖြင့်သာ ဂေါသိင်္ဂသာလတောသည် တင့်တယ်ရာပါ၏ဟု အသျှင်မဟာ မောဂ္ဂလာန်ထေရ်ပြောဆိုအပ်သောစကားကို
အသျှင်သာရိပုတ္တရာထံမှ ကြားတော်မူရ၍ သာဓု….သာဓု သာရိပုတ္တ ဟု
ဘုရားဟော၏အဖြစ်သည် ကောင်းကင်ပြင်၌ သွားလာနေသော နေရထား လရထားများ ကဲ့သို့
အလွန်ထင်ရှားခဲ့ပေသည်။ ဤမဟာဂေါသိင်္ဂသာလသုတ်အရာ၌လည်း သာသနာပဖြစ်သော
အဘိဓမ္မာကို ဟောပြောသော အသျှင်မဟာမောဂ္ဂလာန်ထေရ်ကို မြတ်စွာဘုရားက
သာဓုခေါ်ပါမည် လော၊ မြတ်စွာဘုရား၏လက်ဝဲရံ အဂ္ဂသာဝက အသျှင်မောဂ္ဂလာန်ထေရ်ကလည်း
သာသနာပ အဘိဓမ္မာ၊ သို့မဟုတ်၊ မဟာယာန အဘိဓမ္မာကို ဟောပါမည်လောဟု
ဗုဒ္ဓဘာသာအရေခြုံ သာသနနာမထေနက ပုဂ္ဂိုလ်ကို မေးမြန်းထိုက်၏။ ဤကား
ပါဠိတော်များဖြင့် အဘိဓမ္မာပိဋက၏ ဗုဒ္ဓဘာသိတ၏အဖြစ်ကို ပြဆိုချက်တည်း။
သီတင်းကျွတ်လပြည့်နေ့ကို အဘိဓမ္မာနေ့ဟု ခေါ်ထိုက်ကြောင်း။ ။
သီတင်းကျွတ်လပြည့်နေ့ကို အဘိဓမ္မာနေ့ဟု ရန်ကုန်နေပြည်တော် ဆူးလေဘုရား
အဘိဓမ္မာ ပြန့်ပွားရေးအသင်းက သတ်မှတ်ပိုင်းခြား သမုတ်ထားကြ၏။
ထိုထားသည့်အတိုင်း သီတင်းကျွတ်လပြည့်နေ့၌ ဆီမီးများ အကြီးအကျယ် ပူဇော်ကြ၏။
ယခုမှသာ သတ်မှတ်၍ ပူဇော်ကြသည်မဟုတ်။ အစဉ်အဆက်အားဖြင့် သာသနာတော်သက္ကရာဇ် ၂၃၅
ခုနှစ်၊ သောဏထေရ်၊ ဥတ္တရထေရ်တို့၏ မြန်မာနိုင်ငံသို့ သာသနာပြုကြွတော်မူရာ
သထုံပြည် သိရီမာသောကမင်း လက်ထက်မှစ၍ မန္တလေး ရတနာပုံနေပြည်တော်
သီပေါမင်းလက်ထက်တိုင်အောင် သာသနာပြုမင်း အဆက်ဆက်တို့သည် အဘိဓမ္မာနေ့ဟု
သတ်မှတ်ပိုင်းခြား၍ တိုင်းသူပြည်သားတို့နှင့်တကွ
သီတင်းကျွတ်လပြည့်နေ့တိုင်း မီးထွန်းပွဲကြီးကို ကြီးကျယ်ခမ်းနားစွာ
ကျင်းပခဲ့ကြဖူးလေပြီ။ ထိုကြောင့် သာလျှင် ယခုလည်း ပူဇော်ဆဲ၊ နောင်လည်း
ပူဇော်ကြလတံ့။ ဤသို့ နှစ်စဉ်နှစ်တိုင်း သီတင်းကျွတ်လပြည့်နေ့ကို
မီးပူဇော်ပွဲကြီး တစ်နိုင်ငံလုံးကျင်းပကြခြင်းသည်
မြတ်စွာဘုရား သတ္တမ၀ါ သုံးလပတ်လုံး တာဝတိံသာနတ်ပြည် ပင်လယ်ကသစ်ပင်အောက်
ပဏ္ဍုကမ္ဗလာမြကျောက်ဖျာ၌ ၀ါကပ်တော်မူလျက် အဘိဓမ္မဒေသနာတော်ကို ဟောတော်မူပြီး၍
လက်ဝဲဘက်က ရွှေစောင်းတန်းဖြင့် သက်ဆင်းကြသော ကာမာဝစရနတ်ပြည်ခြောက်ထပ်က
ကာမာဝစရနတ်များ၊ လက်ယာဘက်က ငွေစောင်းတန်းဖြင့် သက်ဆင်းကြသော သုဒ္ဓါဝါသဗြဟ္မာ၊
မဟာဗြဟ္မာကြီးများ၊ သပိတ်သင်္ကန်းကို ကိုင်ယူသော သိကြားနတ်မင်း၊
သုံးယူဇနာရှိသောထီးဖြူကြီးကို ကိုင်မိုးသော မဟာဗြဟ္မာ၊ စာမရီသားမြီးယပ်ကို
ကိုင်သော သုယာမနတ်မင်း၊ သုံးဂါဝုတ်ပမာဏရှိသော ဥသျှစ်သီးမှည့်ကဲ့သို့
ဝါ၀င်းသော အဆင်းရှိသော စောင်းကြီးကိုပိုက်၍ မြတ်စွာဘုရားအား
ပူဇော်တီးမှုတ်သော ပဉ္စသီခဂန္ဓဗ္ဗ နတ်သားစသော နတ်ဗြဟ္မာအပေါင်းခြံရံလျက်
အလယ်လမ်း ပတ္တမြားစောင်းတန်းဖြင့် သက်ဆင်းတော်မူသော မြတ်စွာဘုရားကို
အကြောင်းပြု၍ ပူဇော်ကြခြင်းဖြစ်ပေ၏။ သို့ဖြစ်သောကြောင့်
သီတင်းကျွတ်လပြည့်နေ့ကို အဘိဓမ္မာနေ့ဟု သတ်မှတ်ပိုင်းခြား သမုတ်ထားခြင်းသည်
သင့်လျော်လှပေ၏။ မြတ်စွာဘုရား၏ သတ္တမ၀ါ သုံးလပတ်လုံး တာဝတိံသာ နည်ပြည်
ပင်လယ်ကသစ်ပင်အောက် ပဏ္ဍုကမ္ဗလာမြကျောက်ဖျာ၌ ၀ါကပ်တော်မူလျက် အဘိဓမ္မာ ဒေသနာကို
ဟောတော်မူပြီး၍ လူ့ဘုံ သင်္ကဿနဂိုရ်ပြည်သို့ သက်ဆင်းတော်မူခြင်းဟူသော
အကြောင်းကား ဆောင်ပြလတံ့သော အဋ္ဌကထာများဖြင့် ထင်ရှားလှပေ၏။
၁။ ဘဂ၀ါ အာဟ
ကုဟိံ ပန တေ မောဂ္ဂလာန ဧတရဟိ ဇေဋ္ဌဘာတာ ဓမ္မသေနာပတီတိ၊ သင်္ကဿနဂရေ ဘန္တေတိ။
မောဂ္ဂလာန မံ ဒဋ္ဌုံကာမာ သွေ သင်္ကဿနဂရံ အာဂစ္ဆန္တု၊ အဟံ သွေ မဟာပ၀ါရဏပုဏ္ဏမာသေ
ဥပေါသထဒိဝသေ သင်္ကဿနဂရေ သြတရိဿာမီတိ (ပ ) ဘဂ၀ါ သက္ကဿ ဒေ၀ရညော အာရောစေသိ။
မဟာရာဇ သွေ မနုဿလောကံ ဂစ္ဆာမီတိ၊ ဒေ၀ရာဇာ ၀ိသုကမ္မံ အာဏာပေသိ၊ တာတ သွေ ဘဂ၀ါ
မနုဿလောကံ ဂန္တုကာမော၊ တိေဿာ သောပါနပန္တိယော မာပေဟိ၊ ဧကံ ကနကမယံ ဧကံ ရဇတမယံ
ဧကံ မဏိမယန္တိ၊ သော တထာ အကာသိ (ပ) ဘဂ၀ါ မဇ္ဈေ မဏိမယေန သောပါနေန သြတရတိ။
ဆကာမာဝစရဒေ၀ါ ၀ါမပေဿ ကနကမယေန၊ သုဒ္ဓါဝါသာ စ မဟာဗြဟ္မာ စ ဒက္ခိဏပေဿ ရဇတမယေန၊
ဒေ၀ရာဇာ ပတ္တစီဝရံ အဂ္ဂဟေသိ၊ မဟာဗြဟ္မာ တိယောဇနိကံ သေတစ္ဆတ္တံ၊ သုယာမောဝါဠဗီဇနိံ၊
ပဉ္စသိခေါ ဂန္ဓဗ္ဗပုတ္တော တိဂါဝုတမတ္တံ ဗေဠုဝပဏ္ဍုဝီဏံ ဂဟေတွာ တထာဂတဿ ပူဇံ
ကရောန္တော သြတရတိ။ (၀ိသုဒ္ဓိမဂ်၊ ဣဒ္ဓိဝိနိဒ္ဒေသ၊ ဓမ္မပဒ၊ ဒေဝေါရောဟန၀တ္ထု။)
အထူးကား- နတ်ပြည်ခြောက်ထပ် နတ်များသက်ဆင်းသော စောင်းတန်းကား လက်ဝဲဘက်က
ရွှေစောင်းတန်းတည်း။ ဗြဟ္မာများသက်ဆင်းသော စောင်းတန်းကား လက်ယာဘက်က
ငွေစောင်းတန်း တည်း။ (၀ိသုဒ္ဓိမဂ်)။ နတ်များသက်ဆင်းသောစောင်းတန်းကား
လက်ယာဘက်က ရွှေစောင်းတန်းတည်း။ ဗြဟ္မာများသက်ဆင်းသော စောင်းတန်းကား
လက်ဝဲဘက်က ငွေစောင်းတန်းတည်း။ (ဓမ္မပဒ)။ ဤမျှသာထူးသည်။ အကြောင်းကား
နိကာယ်ဆောင်ထေရ်ကြီးတို့၏ ၀ါဒကွဲပြားမှုကြောင့်တည်း။ မြတ်စွာဘုရား
မြစောင်းတန်းဖြင့် နတ်ပြည်မှ သက်ဆင်းရာ၌ကား အကွဲအပြားမရှိ။
၂။ အာယသ္မတာ
မဟာမောဂ္ဂလ္လာနတ္ထေရေန ယာစိတဿ ဒေဝလောကတော သင်္ကဿနဂရေ ဩရောဟဏန္တိ ဣမာနိ ဝတ္ထူနိ
အန္တရန္တရေ စ ဇာတကာနိ ဝိတ္ထာရေတွာ ယာဝ ဒသသဟဿစက္ကဝါဠဒေဝတာဟိ ပူဇိယမာနော ဘဂဝါ
မဇ္ဈေ မဏိမယေန သောပါနေန သင်္ကဿနဂရေ ဩရုယှ သောပါနကဠေဝရေ အဋ္ဌာသိ။ (
ပရမတ္ထဇောတိကသုတ္တနိပါတအဋ္ဌကထာ၊ သာရိပုတ္တသုတ်အဖွင့်။)
၃။ တယိဒံ
အင်္ကုရပေတဝတ္ထု သတ္ထာရာ တာဝတိံသဘဝနေ ဒသသဟဿစက္ကဝါဠဒေဝတာနံ ပုရတော
ဒက္ခိဏေယျသမ္ပတ္တိဝိဘာဝနတ္ထံ ‘‘မဟာဒါနံ တယာ ဒိန္န’’န္တိအာဒိနာ အတ္တနာ သမုဋ္ဌာပိတံ,
တတ္ထ တယော မာသေ အဘိဓမ္မံ ဒေသေတွာ မဟာပဝါရဏာယ ဒေဝဂဏပရိဝုတော ဒေဝဒေဝေါ
ဒေဝလောကတော သင်္ကဿနဂရံ ဩတရိတွာ အနုက္ကမေန သာဝတ္ထိံ ပတွာ ဇေတဝနေ ဝိဟရန္တော
စတုပရိသမဇ္ဈေ ဒက္ခိဏေယျသမ္ပတ္တိဝိဘာဝနတ္ထမေဝ ‘‘ယဿ အတ္ထာယ ဂစ္ဆာမာ’’တိအာဒိနာ
ဝိတ္ထာရတော ဒေသေတွာ စတုသစ္စကထာယ ဒေသနာယ ကူဋံ ဂဏှိ။ (ပေတ၀တ္ထုအဋ္ဌကထာ၊
အင်္ကုရပေတ၀တ္ထု။)
၎။ အပရာနိ စတ္တာရိ အဝိဇဟိတဋ္ဌာနာနိ နာမ ဟောန္တိ။
သဗ္ဗဗုဒ္ဓါနဉှိ ဗောဓိပလ္လင်္ကော အဝိဇဟိတော, ဧကသ္မိံယေဝ ဌာနေ ဟောတိ။ ဓမ္မစက္ကပ္ပဝတ္တနံ
ဣသိပတနေ မိဂဒါယေ အဝိဇဟိတမေဝ ဟောတိ။ ဒေဝေါရောဟနကာလေ သင်္ကဿနဂရဒွါရေ
ပဌမပဒဂဏ္ဌိကာ အဝိဇဟိတာဝ ဟောတိ။ ဇေတဝနေ ဂန္ဓကုဋိယာ စတ္တာရိ မဉ္စပါဒဋ္ဌာနာနိ
အဝိဇဟိတာနေဝ ဟောန္တိ။ (ဒီဃနိကာယ်၊ မဟာဝဂ္ဂ၊ မဟာပဒါနသုတ်၊ သမ္ဗဟုလပရိစ္ဆေဒအဋ္ဌကထာ၊
ဗုဒ္ဓ၀ံသ စတုအ၀ိဇဟိတဌာန အဋ္ဌကထာတို့ဖြင့် ထင်ရှား၏။)။
ဆောင်ပြအပ်ပြီးသော သာဓကအဋ္ဌကထာတို့တွင် ပေတ၀တ္ထုအဋ္ဌကထာ၊ ဗုဒ္ဓ၀ံသအဋ္ဌကထာမှ
ကြွင်းသော အဋ္ဌကထာလေးကျမ်းကို မဟာဗုဒ္ဓဃောသထေရ် ပြုပြင်စီရင်အပ်၏။
ပေတ၀တ္ထုအဋ္ဌကထာကို အိန္ဒိယတောင်ပိုင်း ကိဉ္စိပူရမြို့၊ ဗဒရတိတ္ထအသောကာရာမကျောင်း
အသျှင်ဓမ္မပါလထေရ် ပြုပြင်စီရင်အပ်၏။ ဗုဒ္ဓ၀ံသအဋ္ဌကထာကို အိန္ဒိယတောင်ပိုင်း
ကာဝီရပဋ္ဋန- ကာဝီရအမည်ရှိသောသင်္ဘောဆိပ်မြို့ ကဏှဒါသဒါယကာဆောက်လုပ်အပ်သော ကျောင်းတိုက် ပါစီနပါသာဒတလ- အရှေ့ရပ်ပြာသာဒ်အပြင်၌ အရှင်ဗုဒ္ဓဒတ္တထေရ် ပြုပြင်စီရင်အပ်၏။
ဤမဟာပဒါနသုတ်အဋ္ဌကထာ၊ ဗုဒ္ဓ၀ံသအဋ္ဌကထာတို့ဖြင့် လေးမျိုးသော ဘုရားတိုင်း ဘုရားတိုင်း မစွန့်အပ်သော အ၀ိဇဟိတဌာနများကို ပြ၏။
၁။ ရာဇဂြိုဟ်မြို့၊ တောင်ဘက် မိုင် ၂၀ ရှိ ဂယာမြို့၊ ဂယာမြို့ တောင်ဘက် ၇
မိုင်ရှိ ဗုဒ္ဓဂယာ ရွာငယ်၊ နေရဉ္ဇရာမြစ်တို့၏အနောက်ဘက် ဗောဓိပလ္လင်္ကတည်ရာဌာန
၂။ ဗာရာဏသီမြို့၊ မြောက်ဘက် ၇ မိုင်ရှိ ဣသိပတန မိဂဒါဝုန် ဓမ္မစကြဒေသနာဟောရာဌာန( ဓမ္မစက္ကပ၀တ္တနဌာန)
၃။ သုံးလပတ်လုံး တာဝတိံသာနတ်ပြည်၌ အဘိဓမ္မာကို ဟောတော်မူပြီး၍
တာဝတိံသာနတ်ပြည်မှ သက်ဆင်းရာအခါ သင်္ကဿနဂိုရ်မြို့တံခါး ပဌမခြေတော်တည်ရာ
ပဌမပဒဂဏ္ဌိက အဖုအဆစ်နှင့် တူသောအရပ်
၎။ ဇေတ၀န်ကျောင်းတော် ဂန္ဓကုဋိတိုက်၌လေးခုသောညောင်စောင်းခြေတည်ရာ မဉ္ဇပါဒဌာနများကား အ၀ိဇဟိတဌာနလေးခုပေတည်း။
ထိုလေးခုသောအ၀ိဇဟိတဌာနများမှာ ယခုတိုင် သီဟိုဠ်ကျွန်း၌
သာသနာကောင်းစွာမတည်သေးမီ မဟာဗုဒ္ဓဃောသထေရ်တို့ မဖြစ်ထွန်းမပေါ်ပေါက်သေးမီ
တတိယသင်္ဂါယနာ တင်စဉ်အခါ ဓမ္မာသောကမင်း စိုက်ထူအပ်သော ကျောက်စာတိုင်စသော
အမှတ်အသားများနှင့်တကွ ယခုတိုင်ထင်ရှားရှိခဲ့၏။ ရောက်ဘူးသူတိုင်း သိရှိကြ၏။
မည်သူမျှငြင်းနိုင်မည်မဟုတ်ချေ။
ဇေတ၀န်ကျောင်းတော်၌ ကရေရိကုဋီ၊ ကောသမ္ဗကုဋီ၊ ဂန္ဓကုဋီ၊ သလဠာဂါရကုဋီကို
ပသေနဒီကောသလမင်း ဆောက်လုပ်အပ်၏။ ကြွင်းသောကုဋီသုံးလုံးကို အနာထပဏ္ဍိကသေဌေး
ဆောက်လုပ်အပ်၏ ဟု မဟာဝဂ္ဂအဋ္ဌကထာ၊ မဟာပဒါနသုတ်အဋ္ဌကထာ၌ဆို၏။ ကိုယ်တွေ့မျက်မြင်
အားဖြင့် ကုဋီလေးလုံး ဆက်စပ်လျက် တောင်မြောက်တန်း တည်လျက်ရှိရာ
တောင်နားဆုံး ကုဋီကား ကောသမ္ဗကုဋီ၊ ၎င်းမြောက်ဘက် ဂန္ဓကုဋီ၊ ၎င်းမြောက်ဘက်
သလဠာဂါရကုဋီ၊ ၎င်းမြောက်ဘက် ကရေရိကုဋီဟု ပြောကြ၏။ ထိုကုဋီလေးလုံးမှာ
အရှေ့အနောက်အလျား ၁၁ ခန်းစီ၊ တောင်မြောက် အနံအားဖြင့် ၉ ခန်းစီ ရှိကြသေး၏။
ထိုတွင် ဂန္ဓကုဋီကိုရည်ရွယ်၍ ဂန္ဓကုဋိယာဟု ဆို၏။
ဤဆိုအပ်ပြီးသော
သာဓကပါဌ် အရပ်ရပ်ကို ထောက်ဆခဲ့သော် မြတ်စွာဘုရား၏ သတ္တမ၀ါ သုံးလပတ်လုံး
အဘိဓမ္မာဒေသနာတော်ကို ဟောတော်မူပြီး၍ သီတင်းကျွတ်လပြည့်နေ့ တာဝတိံသာနတ်ပြည်မှ
အလယ်မြစောင်းတန်းဖြင့် သင်္ကဿနဂိုရ်ပြည်သို့ သက်ဆင်းတော်မူကြောင်း ကို
မည်သူမျှငြင်းပယ်နိုင်လိမ့်မည်မဟုတ်ချေ။
အသျှင်သာရိပုတ္တရာထေရ်၊ အသျှင်မောဂ္ဂလာန်ထေရ်၊ အသျှင်မဟာကဿပထေရ်၊
အသျှင်အနုရုဒ္ဓါထေရ်၊ အသျှင်ဥပါလိထေရ်၊ အသျှင်အာနန္ဒာထေရ်စသော
ရဟန္တာအရှင်မြတ်များသည် သတ္တမ၀ါ သုံးလပတ်လုံး တာဝတိံသာနတ်ပြည် ပင်လယ်ကသစ်ပင်
အောက် ပဏ္ဍုကမ္ဗလာမြကျောက်ဖျာ၌ ၀ါကပ်တော်မူလျက် အဘိဓမ္မဒေသနာကို ဟောတော်မူပြီး၍
သီတင်းကျွတ်လပြည့်နေ့ တာဝတိံသာနတ်ပြည်မှ မြစောင်းတန်းဖြင့်
သက်ဆင်းတော်မူသော မြတ်စွာဘုရားကို မိမိတို့ကိုယ်တိုင်
ဖူးတွေ့လိုက်ရခြင်းသည် မျက်မြင်ကိုယ်တွေ့အားဖြင့်ပြီးသော
ပစ္စက္ခသိဒ္ဓအနက်ပေတည်း။ မြတ်စွာဘုရားသည် အဘိဓမ္မဒေသနာကို ဟောကြောင်းဖြစ်သော
ဒေသနာဉာဏ်ဟုဆိုအပ်သော သဗ္ဗညုတဉာဏ်ကို ရနိုင်ရန် အကျိုးငှါ
လေးသင်္ချေနှင့်ကမ္ဘာတစ်သိန်း ဒါနပါရမီ၊ ဒါနဥပပါရမီ၊ ဒါနပရမတ္ထပါရမီစသော
ပါရမီဆယ်ပါး၊ အပြားသုံးဆယ်၊ ငါးသွယ်ပရိစ္စာဂ သုံးဝသောစရိယတို့ကို
သက်စွန့်ကြိုးပမ်း ထမ်းရွက်တော်မူခဲ့ခြင်းကြောင့်သာ
အဘိဓမ္မဒေသနာတော် ကို ဟောနိုင်ကြောင်းဖြစ်သော ဒေသနဉာဏ်ဟုဆိုအပ်သော
သဗ္ဗညုတဉာဏ်ကို ရတော်မူခဲ့ပြီဟု မှန်းဆနိုင်ခြင်းဟူသောအနက်သည်
မှန်းဆသောအားဖြင့် ပြီးသော အနုမာနသိဒ္ဓအနက်မည်၏။ အရဟတ္တမဂ်ဉာဏ်၊
သဗ္ဗညုတဉာဏ်တော်များကို ရတော်မူခြင်းကြောင့်သာ မြတ်စွာဘုရားမှာ
စတုဝေသာရဇ္ဇဉာဏ်၊ ဆအသာဓာရဏဉာဏ်၊ ဒသဗလဉာဏ်၊ အဋ္ဌာရသအာဝေဏိကဓမ္မစသော
ဂုဏ်တော်ကြီးများ၏ ပိုင်ရှင်အစစ်ကြီး ဖြစ်တော်မူခဲ့ပေ၏ဟု
ယုံကြည်စိတ်ချနိုင်ခြင်းသည် ယုံကြည်စိတ်ချခြင်းအားဖြင့်ပြီးသော
သြကပ္ပနသိဒ္ဓအနက်မည်၏။ ဤသို့သုံးပါးသော သိဒ္ဓအားဖြင့်
သုံးသပ်ဆင်ခြင်ပြန်ကလည်း ဗုဒ္ဓဘာသာတု၊ ဗုဒ္ဓဘာသာယောင်
ဗုဒ္ဓဘာသာအရေခြုံမဟုတ်သော အဘယ်ပုဂ္ဂိုလ်သည် သီတင်းကျွတ်လပြည့်နေ့ကို
မြတ်စွာဘုရား တာဝတိံသာနတ်ပြည်မှ မြစောင်းတန်းဖြင့် သင်္ကဿနဂိုရ်ပြည်သို့
သက်ဆင်းတော်မူရာနေ့မဟုတ်ဟု ငြင်းဆိုဝံ့ပါအံ့နည်း။
( ဤ၌ပြဆိုထားသောအချက်များသည် ပခုက္ကူဆရာတော်ကြီး၏ အဆုံးဖြတ်အပြည့်စုံမဟုတ်သေးပေ။ လိုရင်းမျှကိုသာ ရွေးထုတ်လိုက်ရခြင်းဖြစ်သည်။)
No comments:
Post a Comment