Monday 26 March 2012

ပဋိသန္တေကာလ အပေါ် သိပ္ပံ၊ ခရစ်ယာန်၊ ဟိန္ဒူ၊ ဗုဒ္ဓအဘိဓမ္မာ အမြင်တို့ နှိုင်းယှဉ်ချက် နှင့် “ငါစွဲ”

သိပ္ပံအမြင်
သာမန်အားဖြင့် ပဋိသန္တေတည်ရန် မိခင်လောင်း၏ သားအိမ် (သားဥပြွန်) အတွင်း၌ ”မ” မျိုးဥ နှင့် “ဖို” သုတ်ကောင်တို့ပေါင်းစပ်ရန်လိုအပ်ပါသည်။
သာမန်အားဖြင့် မိခင်လောင်း၏ မျိုးဥအိမ်မှ တစ်လ တစ်ကြိမ် (ရာသီသွေးပေါ်ချိန် နှစ်ချိန်၏ ကြားကာလ တစ်ရက်ရက်၌) သားဥကြွေပါသည်။
အဆိုပါသားဥသည် အခြံအရန် အထောက်အပံ့ ဆဲလ် အနည်းငယ်၊ မျိုးပွားခြင်းကို အထောက်အပံ့ပေးသော အာဟာရသဘာဝ အရည် နှင့်အတူ သားဥပြွန့်အတွင်း၌ ၂ရက်မှ ၃ ရက်ထိ ရှင်သန်နေနိုင်ပါသည်။
ဖခင်လောင်း၏ သုတ်သွေး၌ သုတ်ကောင်အရေအတွက် ၁၀ သန်းနှင့် အထက်တို့သည် သားအိမ်ဝ မှ တဆင့် သားအိမ်ကို ဖြတ်ပြီး သားဥပြွန်ထဲရောက်အောင် ကူးခတ် ဆန်တက်ရပါသည်။
မိခင်လောင်း၏ သားမွေးလမ်းအတွင်း သုတ်ကောင်များသည် ၂ ရက်မှ ၃ ရက်ထိ ရှင်သန်နေနိုင်ပါသည်။
သဘာဝအရ “မ“ မျိုးဥကို ရာနှင့်ချီသော သုတ်ကောင်တို့က ဖေါက်ဝင်ရန်ကြိုးစားကြပါသည်။ ထိုအထဲမှ သုတ်ကောင်တစ်ကောင်သာ ဖေါက်ဝင်ခွင့်ရပါမည်။ X ဗီဇ ပါသော သုတ်ပိုးဖေါက်ဝင်ပေါင်းစပ်ပါက သန္တေသားမှာ “အမ” ဖြစ်ပါမည်။ Y ဗီဇပါသော သုတ်ပိုးဖေါက်ဝင်ပေါင်းစပ်ပါက သန္တေသားမှာ “အဖို” ဖြစ်ပါမည်။
”မ” မျိုးဥ ထဲသို့ သုတ်ကောင်တစ်ကောင် ဖေါက်ဝင်သော်၊ အတွင်း၌ မိခင်မျိုးဗီဇ တစ်ဝက် နှင့် ဖခင် မျိုးဗီဇ တစ်ဝက်တို့ပေါင်းစပ်ကာ ၊  “ဆဲလ်” တစ်ခုထဲ ရှိသော အဆင့်မှ စတင်ကာသန္တေသား ဖြစ်လာရပါသည်။  အဆိုပါဆဲလ်တစ်ခုက ဆဲလ်၂ခု၊ ၂ခုက ၄ခု၊ ၄ခုက ၈ခု။ စသည်ဖြင့်ပွားပါသည်။
၇ ရက် ၈ ရက်မျှ ကြာသောအခါ သန္တေသားလောင်းသည် Blastocyst ခေါ် အလွန်သေးသော အရည်အိပ်ကလေး ပုံဖြစ်လာပါသည်။ ထိုအချိန်တွင်  သန္တေသားလောင်း တွင် အရေပြား၊ အာရုံကြော ဆဲလ်၊ စသည်ဖြစ်မည့် Ectoderm, ကြွက်သား၊ သွေး စသည်ဖြစ်မည့် Mesoderm ၊ အူ စသည်ဖြစ်မည့် Endoderm ဟူ၍ ဆဲလ် အလွှာ သုံးလွာ ပီပြင်ထင်ရှားလာပါသည်။
အချို့သော အတွေးအခေါ် ပညာရှင်က ဤ အချိန်တွင် ဦးဏှောက်အာရုံကြော ဆဲလ် စတင်ဖြစ်ပေါ်ရသဖြင့်၊ “စိတ်ဝိညဉ်” လည်းစတင်ဖြစ်ပေါ်သည်ယုဆိုပါသည်။
အချို့သော အတွေးအခေါ်ပညာရှင်ကမူ ခြေ၊ လက် စသည် ပေါ်လာသော ကိုယ်ဝန် ၂လ ကာလ ကျမှ သန္တေသား၌ “စိတ်ဝိညဉ်” စတင်ဖြစ်ပေါ်သည်ဟု ဆိုပါသည်။
အချို့သော အတွေးအခေါ်ပညာရှင်ကမူ မိခင်ဝမ်းက ထွက်မှ ကလေး၌ စိတ်ဝိညဉ် ဖြစ်ပေါ်သည်။ မိခင်ဝမ်းအတွင်း၌ ရှိစဉ် မိခင်၏ စိတ်ဝိညဉ်ကသာ သန္တေသားလောင်းကို ပြုပြင်စီမံသည်ဟု အယူရှိကြပါသည်။

ခရစ်ယာန်အမြင်
လူမိန်းမ နှင့် လူယောက်ျားတို့ကို ထာဝရ ဘုရားသခင်က ဖန်ဆင်းထားပါသည်။
တိုလူမိန်းမ လူ ယောက်ျားတို့၌ မျိုးပွားခြင်းဆိုင်ရာ ခန္ဓာ ကိုယ် အစိတ်အပိုင်းများ ကိုလည်း ထာဝရ ဘုရားသခင်က ဖန်ဆင်းပေးထားပါသည်။
ယောက်ျားနှင့် မိန်းမ ပေါင်းစပ်သဖြင့် ရလာသော ပဋိသန္တေသည် ထာဝရ ဘုရားသခင်ဖန်တီးထားသော မိခင် နှင့် ဖခင် ဖြစ်သော လူသားဆို့မှ ပေါက်ပွားလာရသဖြင့် ... တနည်းအားဖြင့် ထာဝရဘုရားသခင် ဖန်တီးသော လူသားအသစ်ဖြစ်သည်ဟုဆိုပါသည်။ ထိုသန္တေသား၏ စိတ်ဝိညဉ်သည်လည်း ထာဝရဘုရားသခင် ဖန်တီးပေးလိုက်သော စိတ်ဝိညဉ် ပင်ဖြစ်ပါသည်။
ယောက်ျားနှင့် မိန်းမ လိင်ဆက်ဆံခြင်း ပြုစရာမလိုပဲ၊ ထာဝရ ဘုရားသခင်က ပဋိသန္တေ အသစ်တစ်ခုကို တိုက်ရိုက် ဖန်ဆင်းပါက ... ထိုပဋိသန္တေသည် သန့်ရှင်းသော “ဝိညဉ်အသစ်“ သို့မဟုတ် သန့်ရှင်းသော”လူသားအသစ်” ဟု ဆိုပါသည်။ ဥပမာ “ခရစ်တော်“။
လူ ၏ “မ“ မျိုးဥနှင့် ”ဖို“ သုတ်ကောင်တို့ကို ဓါတ်ခွဲခန်း ဖန်ပြွန်အတွင်းပေါင်းစပ်စေပြီး မိခင်လောင်း၏ သားအိမ်အတွင်းသို့ ဖြစ်စေ၊ မိခင်လောင်း သားအိမ်၌ ရောဂါရှိသဖြင့် သားအိမ်အငှား (အငှားမိခင်၏ သားအိမ်) အတွင်းသို့ဖြစ်စေ သွတ်သွင်းပြီး ကိုယ်ဝန်ဆောင်စေခြင်းမှ ရလာသော လူသားသည်လည်း ထာဝရဘုရားသခင် ဖန်ဆင်းထားသော လူ၏ အစိတ်အပိုင်းများမှ ဖြစ်လာရသဖြင့် ဖန်ဆင်းထားသော လူသား ဟုသာသတ်မှတ်ပါသည်။
အလှူရှင်၏ ”မ” မျိုးဥ အတွင်းမှ ဗီဇ ကို ထုတ်ပယ်ပြီး၊ ပုံတူမျိုးပွား (Clone) လုပ်လိုသူ၏ မျိုးဗီဇ ကို ထည့်သွင်းကာ ပဋိသန္တေဖြစ်စေခြင်း လုပ်ရပ်ကိုမူ ထာဝရ ဘုရားသခင်ကို အံတုဖက်ပြိုင် ရာရောက်သောလုပ်ရပ်အဖြစ် အချို့က ဆိုပါသည်။
 ဟိန္ဒူ အမြင်
ဟိန္ဒုဘာသာဝင်များသည် ကာရကော၊ဝေဒကောဟူသော ကောင်းကောင်းဆိုးဆိုးအမျိုးမျိုးကိုပြုလုပ်တတ်သူ၊ သုခ၊ဒုက္ခဟူသောဝေဒနာအမျိုးမျိုးကိုခံစားတတ်သူ ဟူသော၊ အတ္တ=အသက်=၀ိညာဉ်=soul= ဇီဝ=လိပ်ပြာ ရှိတယ်လို့ယုံကြည်ကြတယ်။ ဒီခန္ဒာကိုယ်ကြီးပျက်သွားတဲ့အချိန်မှုာသူလုပ်ခဲ့သော ကောင်းမှု့ မကောင်းမှု အလျှောက် ထို ၀ိညာဉ် သည်နောက်ခန္ဒာအသစ်တစ်ခုသို့ကူးပြောင်းသွားပြီး၊ကောင်းမှု မကောင်းမှုတို့ရဲ့အကျိုးကိုခံစားရတယ်၊ လူများအ၀တ်အသစ်လဲလိုက်သလို၊ငှက်များသစ်ပင်တပင်မှတစ်ပင်ကူးပြောင်းသွားသလို ၀ိညာဉ်ဟာ ခန္ဒာကိုယ်တစ်ခုပြီးတခုကူးပြောင်းနေတယ်၊သူကတော့ဘယ်တော့မှမပျက်ပါ။
(Ko Htay Naing ၏ Comment မှ)
လူတစ်ယောက် ရှင်သန်နေစဉ်ကာလ တွင် ထိုလူ၏ခန္ဓာကိုယ်အတွင်း၌ ”အသက်ဇီဝ” လည်းဖြစ်သော အဆိုပါဝိညဉ် (ငါဟူသော အတ္တ) သည်ရှိ၏။ သိစရာရှိလျှင် ထိုဝိညဉ် (ငါ ) က သိ၏။ မှတ်စရာရှိလျှင် ထိုဝိညဉ် ( ငါ )က မှတ်မိ၏။ ခံစားစရာရှိလျှင် ထိုဝိညဉ် (ငါ )က ခံစား၏။ တွေးတောခြင်း၊ ဥာဏ်ရှိခြင်း၊ ပညာရှိခြင်း အစ ရှိသဖြင့် နာမ်ပိုင်းဆိုင်ရာအားလုံးကို ထိုဝိညဉ် ( ငါ) က ပြု၏။ ခန္ဓာကိုယ်သည် ရုပ်သေးရုပ်နှင့်တူ၏။ ထို ဝိညဉ်ခေါ် - ငါသည် ကြိုးဆွဲသူနှင့်တူ၏။
လူသေသောအခါ ခန္ဓာကိုယ်မှ ဝိညဉ်သည် ထွက်ခွာသွားပြီးလျှင် အခြားခန္ဓာ အသစ်၌ သွားရောက်ဝင်စား၏။ ပြုခဲ့သမျှ ကောင်းမှု မကောင်းမှု ကံတို့ ထိုဝိညဉ် နှင့် အတူ ပါသွား၏။
ဤကား ဟိန္ဓူအယူ (အတ္တ=အသက်=၀ိညာဉ်=soul= ဇီဝ=လိပ်ပြာ) ဆိုင်ရာအယူဖြစ်ဟန်ရှိပါသည်။
ဗုဒ္ဓဘာသာဝင်တို့ အမြင်
လူသည် မိမိကိုယ်ကိုမိမိ ရှု့ကြည့်သောအခါ ... (အဆိုပါဟိန္ဒူ အယူက ဆိုသည့်အတိုင်း) ... “ရုပ်ခန္ဓာ” တစ်ခု နှင့် ငါဟူသော ”စိတ်ဝိညဉ်“ အဖြစ်ရှုမြင်သောသူ ကို “ငါစွဲ မပြုတ်သေးသူ” ဟုဆိုပါစို့။ ”ငါစွဲမပြုတ်သေးသူ” အတွက် ... သိစရာရှိလျှင် ထိုဝိညဉ် (ငါ ) က သိ၏။ မှတ်စရာရှိလျှင် ထိုဝိညဉ် ( ငါ ) က မှတ်မိ၏။ ခံစားစရာရှိလျှင် ထိုဝိညဉ် (ငါ )က ခံစား၏။ တွေးတောခြင်း၊ ဥာဏ်ရှိခြင်း၊ ပညာရှိခြင်း အစ ရှိသဖြင့် နာမ်ပိုင်းဆိုင်ရာအားလုံးကို ထိုဝိညဉ် ( ငါ) က ပြု၏။.... ဟုသာ သာမန်အားဖြင့် ရှုမြင်ပေလိမ့်မည်။
ဗုဒ္ဓဘာသာ ဝင်တို့ကို အုပ်စု နှစ်စု ခွဲသော်
(၁) ပုထုဇဉ် ( အရိယာ မဖြစ်သေးသော သာမန်လူ)
(၂) အရိယာ ... ဟူ၍ ခွဲကြည့်နိုင်ပါမည်။
ပုထုဇဉ် ဖြစ်သော ကျွန်ုပ်တို့ သည် “ငါစွဲ မပြုတ်သေးသူ“ များသာဖြစ်သည်ဟူဆိုပါမည်။ သို့ဆိုလျှင် ပုထုဇဉ် ဗုဒ္ဓဘာသာဝင်သည် .. ဟိန္ဒူ ဘာသာဝင်များနည်းတူ “ငါစွဲ မပြုတ်သေးသူ“ များသာ ဖြစ်ကြရပါသည်။

ဗုဒ္ဓအဘိဓမ္မာ အမြင်
အဘိဓမ္မာ အမြင်၌  (အတ္တ=အသက်=၀ိညာဉ်=soul= ဇီဝ=လိပ်ပြာ) ရှိသည်ဟု မမြင်ပါ။ အဆိုပါ “ငါ” ဟူသော “စိတ်ဝိညဉ်” ကို ခွဲခြမ်းစိတ်ဖြာဆန်းစစ်ကြည့်သောအခါ
(၁) ခံစားမှု .. ဝေဒနာ များ၏ အစုအဝေး ... ဝေဒနက္ခန္ဓာ
(၂) မှတ်သားမှု .. သညာ များ၏ အစုအဝေး ... သညာက္ခန္ဓာ
(၃) ဝေဒနာ နှင့် သညာ မှ လွဲ၍ ကျန်သော စေတသိတ် ၅၀ တို့၏ အစုအဝေးကို .. သင်္ခါရက္ခန္ဓာ
(၄) လက်ဖျောက်တစ်ချက်တီးအချိန်မှာ ဖြစ်ပြီး ချုပ်သွားသော .. ကုဋေ တစ်သိန်းမျှသော စိတ်အစုအဝေးကို ... ဝိညာဏက္ခန္ဓာ ဟု ခွဲခြား၇ှု့ မြင်ပါသည်။
ထပ်၍ အသေးစိတ်သော အခါ လူ၌ .. ဝိညဉ် သည်မ၇ှိ ... ခဏခြင်း၌ ဖြစ်ပြီး ပျက်နေသော ... စိတ် စေတသိတ် တို့သာ ၇ှိ၏ ဟု ဆိုပါသည်။
(သဂြိ င်္ုဟ် .. သမုစ္စည်းပိုင်း .. သဗ္ဗသင်္ဂဟ)
သတ္တဝါတစ်ဦးတွင် တစ်ချိန်တစ်ချိန်မှာ စိတ် တစ်ခုသာ ဖြစ် ခွင့် ရှိသည်ကို .. ယုံကြည်လက်ခံသဖြင့် ... ခန္ဓာ ငါးပါ၏ အသေးစိတ်သဘောကို ... စာဖတ်၍ဖြစ်စေ၊ တရားနာ၍ဖြစ်စေ ... ဆင်ခြင် နေသော ခဏ၌ ထိုသူတွင် “ငါစွဲ“ ခဏ ပြုတ်ပါသည်။
ထိုသို့ စာပေ၌ ဆင်ခြင်သဖြင့် “ငါစွဲ“ ခဏ မျှ ပြုတ်ခြင်းကို ... ”သညာသိ“ ဟု ဆိုပါသည်။ အသိတရားသည် ခဏသာဖြစ်ပြီး။ သာမန်နေ့စဉ် လုပ်နေကျလုပ်ငန်းဆောင်တာများကြားတွင် နစ်မြုတ်နေသော အခါ ပုထုဇဉ်သဘာဝ “ငါစွဲ” က ၇ှိမြဲ ရှိလျှက်သာ။
ကမ္မဋ္ဌာန်း တရားထိုင်သဖြင့် ... မိမိခန္ဓာကိုယ်ကို  သမာဓိဖြင့် ရှု့ သဖြင့် ... ရုပ်ကိုလည်း အသေးစိတ်ခွဲ ခြမ်းစိတ်ဖြာပြီး မြင်၏၊ စိတ်ဝိညဉ်ကိုလည်း သူ့သဘာဝ အတိုင်းကို အသေးစိတ် ခွဲခမ်းစိတ်ဖျာပြီး မြင်၏ ။ ထိုသို့ မြင်သောကြောင့် ကမ္မဋ္ဌာန်း ထိုင်စဉ် ခဏ ၌ ထိုရောဂီ၌ “ငါစွဲ” ပြုတ်၏။ ကမ္မဋ္ဌာန်းမှ ထပြီး .. နေ့စဉ် ပုံမှန်ဆောင်ရွက်စရာတို့ကိုဆောင်ရွက်နေစဉ်မူ ”ငါစွဲ” က ရှိနေပြန်သည်။ ဤသို့ ကမ္မဋ္ဌာန်း ထိုင်.. ရှုမှတ်စဉ် ခဏမျှ “ငါစွဲ” ပြုတ်နေခြင်းကို ... ”ဘာဝနာသိ”  ဟုဆိုပါမည်။
အရိယာ ဖြစ်သွားသောပုဂ္ဂိုလ်၌ကား ကမ္မဋ္ဌာန်းနေစဉ်ဖြစ်စေ၊ ကမ္မဋ္ဌာန်း မထိုင်သောအချိန် တွင်ဖြစ်စေ ”ငါစွဲ” လုံးဝ မရှိတော့ချေ။ ထိုအသိဥာဏ်ကို သာ.... “ပညာသိ”  ဖြင့် “ငါစွဲ” အပြီး ပြုတ်ပြီဟုဆိုပါမည်။
ထို့ကြောင့်
ဟိန္ဓူ ဘာသာဝင်ဖြစ်စေ၊ ဗုဒ္ဓဘာသာဝင် ပုထုဇဉ် ဖြစ်စေ ... လူသတ္တဝါကို ရုပ်ခန္ဓာ နှင့် “ငါ” ဟူသော ဝိညဉ်၏ အစုအပေါင်း သာဟု မြင်ပေလိမ့်မည်။
အဘိဓမ္မာ ကို လေ့လာကြည့်သောအခါ... သတ္တဝါသေလွန်လျှင် စိတ္တဇရုပ်၊ ကမ္မဇရုပ်၊ ပသာဒ ရုပ် စသည်တို့ချုပ်၏ဟုသိရ၏။ စိတ်သည်လည်း ချုပ်၏။ အရင်ဘဝမှ စိတ်သည်လည်း နောက်ဘဝ သို့ မလိုက်၊ အရင်ဘဝမှရုပ်သည်လည်း နောက်ဘဝ သို့ မလိုက်။ .... အတိတ်က ပြုခဲ့ သမျှ စေတနာများဖြစ်သော ကမ္မသတ္တိ အစုအဝေးသည်ကား   ... ဘဝဟောင်းစုတေစိတ်နှင့် ကပ်လျှက်ဖြစ်သော ဘဝသစ်ပဋိသန္တေ စိတ်ကို ကျေးဇူးပြု လိုက်ပါသည်။ ထိုသို့ကျေးဇူးပြုလိုက်သဖြင့် ဘဝဟောင်းမှ စုတေစိတ်၌ ရှိသော ကမ္မသတ္တိခေါ် ဂုဏ်သတ္တိ တို့က နောက်ဘဝ ပဋိသန္တေ စိတ်အပေါ် .. ပြောင်းရွေ့ သက်ရောက်သွားသည်ဟု မမြင်သင့်ပါ။
စုတေစိတ်က ကျေးဖူးပြုလိုက်သောကြောင့် .. စုတေစိတ်တွင် ရှိခဲ့သော ဂုဏ်သတ္တိ များနှင့် တူညီသော ဂုဏ်သတ္တိများ ပဋိသန္တေစိတ် ၌ ဖြစ်ပေါ် ပေါ်ပေါက်လာခြင်းသာ ဖြစ်ပါသည်။
ဥပမာ အနေဖြင့် ဆိုရပါလျှင် တစ်နေရာ၌ လေးလံသော၊ ပြောင်လက်သော ဂုဏ်သတ္တိ များ ရှိသည် လုံးဝန်းသောအရာတစ်ခု သည် ပျက်သွားသည် ဆိုပါစို့၊ အချိန်ကာလ မခြားဘဲ အခြားတစ်နေရာ၌ လေးလံသော၊ ပြောင်လက်သော ဂုဏ်သတ္တိ များ ရှိသည် လေးထောင့်သဏ္ဍန်အရာဝတ္ထု အသစ်တစ်ခု ပေါ်ပေါက်လာသည် ဆိုပါစို့။ ....  ထိုအရာဝတ္ထု နှစ်ခု တွင် ရှိသော တူညီသည့် ဂုဏ်သတ္တိ ဖြစ်သည့် ”လေးလံသော၊ပြောင်လက်သော“ ဟူသည့် ဂုဏ်သတ္တိ သည် အရာဝတ္ထု တစ်ခုမှ အခြားတစ်ခုသို့ လွှဲပြောင်းပေးလိုက်သော သဘောအဖြစ် မည်ကဲ့ သို့ ရှု့ မြင်ပါမည်နည်း။
နောက်ထပ်ဥပမာ တစ်ခု ပြောပါရစေ။
လူတစ်ယောက်၏ ခန္ဓာကိုယ်ကို အရိုးသတ်သတ်၊ အသားသတ်သတ်၊ အဆီသတ်သတ်၊ အရေပြားသတ်သတ် ခွဲခြားရှု့ကြည့်ပါသော် ငါ၏ ခန္ဓာ ဟု မြင်တော့မည်မဟုတ်။ အရိုး၏ အတွင်း ရှိ ရိုးတွင်းခြင်ဆီ မှ ဆဲလ်တစ်ခု၏ ဗီဇ ကိုယူကာ “ပုံတူမျိုးပွား“ Clone လူသားတစ်ယောက်ဖန်တီးလိုက်သည် ဆိုပါစို့။ အသစ်ဖြစ်လာသော လူသားသည် ...။ “ငါ” မဟုတ်သည်မှာသေခြာ၏။ သို့ရာတွင် ထိုပုံတူ မျိုးပွား .. လူသား၌ ရှိသော မျိုးဗီဇ အားလုံးသည်။ မူလဖြစ်သော “ငါ” ၏ မျိုးဗီဇ နှင့် အတူတူ သာလျှင်ဖြစ်နေပါလိမ့်မည်။ မျိုးဗီဇ ဆိုင်ရာဂုဏ်သတ္တိများမှာ “ငါ” နှင့် အတူတူ ဖြစ်နေပြီး .. ထိုခန္ဓာ အသစ်မှာ “ငါ“ မဟုတ်ချေ။
ဘဝဟောင်း စုတေစိတ်၌ ရှိသော  “ကမ္မ ဂုဏ်သတ္တိ များ” ကို ရည်ညွှန်းပြောဆိုလိုသောအခါ “ငါ၏ ဂုဏ်သတ္တိများ” ဟု ပြောမှ သဘောအဓိပ္ပါယ်ပေါ်လွင်ပေလိမ့်မည်။ နောက်ဘဝ ပဋိသန္တေစိတ်၌ ၇ှိနေမည့် တူညီသော “ကမ္မဂုဏ်သတ္တိ” များကိုလည်း “ငါ၏ ဂုဏ်သတ္တိများ” ဟုရည်ညွှန်းပြောဆိုမှသာ သဘောအဓိပ္ပါယ်ပေါ်လွင်ပေလိမ့်မည်။
ထိုစကား “ငါ၏ ဂုဏ်သတ္တိများ” ၌ ပါသော “ငါ” ဆိုသည်မှာ ... ပုံတူမျိုးပွား ဥပမာမှ .. ”ငါ၏မျိုးဗီဇ” ဟူသောစကား မှ “ငါ” နှင့် တူ၏။ ဟိန္ဓူအယူ (အတ္တ=အသက်=၀ိညာဉ်=soul= ဇီဝ=လိပ်ပြာ) သဘောအဓိပ္ပါယ် ဖြစ်သော “ငါ” နှင့် လုံးဝ မတူညီပါ။ထိုအရာကို သတိပြု ရပါလိမ့်မည်။
ပဋိသန္တေ ခဏ အပေါ် ဗုဒ္ဓအဘိဓမ္မာ အမြင်
(သဂြိ င်္ုဟ် ဘာသာဋီကာ စာမျက်နှာ ၅၂၆ မှ ၅၃၀ ထိ ကို မှီငြမ်းလျှက်)
သန္တတည်ခြင်း အကြောင်းသုံးပါး။ ။ (၁) မိခင်လောင်း၏ ပန်းပွင့်ပြီးစဖြစ်ခြင်း။ (၂) မိဘ လောင်းနှစ်ဦးတို့ ကူးလူးဆက်ဆံခြင်း (၃) သန္တေနေမည့် သတ္တဝါ၏ ဘဝဟောင်းမှ ပဋိသန္တေသစ် တည်နေဖို့ရာ ရှေးရှုတည် ရှိခြင်း။ ....... ဤအကြောင်းသုံးပါးတွင် သန္တေနေမည့် သတ္တဝါ၏ ဘဝဟောင်းမှ စုတေ ခဲ့ခြင်းသည် အချုပ်အခြာဖြစ်၏။ ....
မိဘ နှစ်ဦးတို့ တစ်ကြိမ်လောက်ကူးလူးဆက်ဆံထားလျှင် (၇) ရက်ကြာအောင်ပင် သန္တေတည်ဖို့ရာ ခေတ်အခါ ဖြစ်၏။
(ဆေးပညာ၌ မိခင်လောင်း၏ မျိုးဥ သည် ၃ရက်မျှ ရှင်နေနိုင်၏။ ဖခင်လောင်း၏ သုတ်ပိုးသည်လည်း ၃ရက်မျှ ၇ှင်နေနိုင်၏။ ထို့ကြောင့် စုစုပေါင်း ၆ရက် ကာလ အတွင်း သန္တေအောင်နိုင်၏။ဟူလို)
မိဘတို့၏သုတ်သွေး။     ။ ဤဆိုခဲ့ပြီးသောစကားအရ ရှေးကံ အစွမ်းကြောင့် အမိဝမ်းမှာ ကလလ ရေကြည် သန္တေတည်ရသော် မိဘတို့၏ သုတ်သွေးက အရေးတကြီးထောက်ပံ့လျှက်ရှိရသည်ဟု သိသာပြီ။ ကလလရေကြည် သည် “မျိုးစေ့” နှင့်တူ၏။ မိဘတို့၏ သုတ်သွေး ကား “ရွှံ့ညွန် မြေ ရေ များ” နှင့်တူ၏။ ကလလရေကြည်ကို ဖြစ်စေသော ရှေးဘဝ ကံတရား ကား “မျိုးစေ့ကို ကြဲချ စိုက်ပျိုးသူ” နှင့်တူ၏ ။
( သိပ္ပံပညာမှပြောသော မိခင်လောင်း၏ မျိုးဥသည်လည်းကောင်း၊ ဖခင်လောင်း၏ သုတ်သွေးသည်လည်းကောင်း.... (အဘိဓမ္မာ သဘောအရ) .. ပဋိသန္တေဖြစ်ပေါ်စေသည်ဟု မဆို... ပဋိသန္တေကိုထောက်ပံ့သော အထောက်အပံ့ များဟုသာ ဆိုပါသည်။)
ကလလရေကြည် သည် သာ ကံကြောင့်ဖြစ်သော “ကမ္မဇရုပ်” ဖြစ်ပါသည်။ ထိုရုပ်၌ ယောက်ျား၊ မိန်းမ စသည် နောင်အခါ ပီပြင်စေသော ”ဘာဝရုပ်” သဘောသည်လည်း ပါသည်ဟုဆိုပါသည်။ ပဋိသန္တေစိတ် နှင့်တကွ ပဋသန္တေစိတ်၏ မှီရာ ဟဒယဝတ္ထု ရုပ်သည်လည်း တပြိုင်နက်ထဲ ဖြစ်ပေါ်ပါသည်။
..... ထိုကလလရေကြည်၌ ကံကြောင့်ဖြစ်သော ရုပ်ကလေးများ အသစ်အသစ်တိုးပွား၏။ တိုးပွားတိုးပွားတိုင်းသော ကမ္မဇ ရုပ်ကလပ်တွင် “ဥတု“ ဟုခေါ်သော တေဇောဓါတ်ပါဝင်၏။ ထိုဥတုကြောင့် ဥတုဇရုပ်ကလေးသည် အချိန်ရှိသမျှ တိုးပွားနေ၏။ ....
ကလလရေကြည်အဖြစ်မှ ၇ ရက်လောက်ကြာသောအခါ အမြှုတ်ပွက်ကလေး ဖြစ်လာ၏။...
(သိပ္ပံပညာ၌ ပဋိသန္တေ ... ၇ ရက် ၈ ရက်မျှ ကြာသောအခါ သန္တေသားလောင်းသည် Blastocyst ခေါ် အလွန်သေးသော အရည်အိပ်ကလေး ပုံဖြစ်လာပါသည်။)
ဤသို့ ဗုဒ္ဓအဘိဓမ္မာ သဘောတရားအရ ... ပဋိသန္တေ စတင်တည်သည်နှင့် ..
ကမ္မဇရုပ်၊ ဟဒယဝတ္ထုရုပ် တို့ နှင့် ပဋိသန္တေစိတ် တို့ တပြိုင်နက်ဖြစ်ပေါ်ကြရာ... ပဋိသန္တေ နေစအချိန်မှ စတင်ကာ ... သတ္တဝါ တစ်ဦးအဖြစ် သတ်မှတ်ရပါမည်။ လောက စကားအရ ပဋိသန္တေတည်စက စတင်ကာ သက်ရှိတစ်ဦးဖြစ်သည်ဟုဆိုနိုင်ပါသည်။ ထို့ကြောင့် ပဋိသန္တေ ကို ဖျက်ခြင်းသည် .. သန္တေသား မည့်သည့် အရွယ်တွင်ပြု ပြု ... လူသတ်မှုမြောက်ပါတော့သည် ဟု ဗုဒ္ဓအဘိဓမ္မာက ဆိုပါသည်။

Thursday 22 March 2012

လူဝင်စားနဲ့ ပတ်သက်လို့


လူဝင်စား ဟူသော စကားလုံးကို အနက်အဓိပ္ပါယ် ဖွင့်ကြသောအခါ ... အချို့သောလူ ဟာ သေသွားတဲ့ အခါ သူရဲ့ ခန္ဓာကိုယ် ထဲက “ဝိဥာဉ်” ဟာ ထွက်လာပြီးတော့ .. နောက်ဘဝ ၊ နောက်ခန္ဓာ မှာ ပူးဝင်တဲ့ သဘော ပြောကြဆိုကြပါတယ်။ လူရဲ့ ခန္ဓာ ကိုယ်မှာ “ဝိဥာဉ်“ ဆိုတာ မရှိဘူးလို့ လက်ခံထားတဲ့ ဗုဒ္ဓဘာသာ ဝင်တွေက “လူဝင်စား” ဆိုတာ ကို ..... အထက် ဖေါ်ပြပါ သဘောအဓိပ္ပါယ် အားဖြင့် လက်မခံကြပါဘူး။ ..
သို့သော်လည်း လောက မှာ ”လူဝင်စား” ဆိုတာ အမှန်တကယ် ရှိတတ်တဲ့သဘောဖြစ်နေပါတယ်။ အတိတ်ဘဝက အကြောင်းအရာ၊ ပစ္စည်းဥစ္စာ စသည်တို့ကို အဆက်အစပ် မရှိပဲ ဖေါ်ထုတ်သက်သေပြနိုင်တဲ့ လူဝင်စားဆိုသူတွေ ရှိခဲ့ပါတယ်။
ဗုဒ္ဓဘာသာ အယူမှာတော့ အတိတ်ဘဝက အကြောင်းအရာကို မှတ်မှိခြင်း၊ အာရုံပြုနိုင်ခြင်း သဘော ဖြစ်သော “ဇာတိဿရ ဥာဏ်“ ဆိုတာ ရှိပါတယ်။ အကြောင်းတစ်ခုခုကြောင့် အခိုက်အတန့်ကာလ တစ်ခုမျှ ”ဇာတိဿရ ဥာဏ်” ရကြတဲ့ သူတွေကိုပဲ ”လူဝင်စား” ရယ်လို့ ခေါ်ဝေါ် ကြတာပါ။ အများအဓိပ္ပါယ် ဖွင့်ဆိုတဲ့ လူဝင်စား သဘောတော့ မယူကြပါဘူး။
အတိတ်ဘဝက အကြောင်းအရာတစ်ချို့ကို မှတ်မိခြင်း၊ ပြန်ပြောနိုင်ခြင်းနဲ့ ပတ်သက်လို့ စိတ်ရောဂါ အထူးကုဆရာဝန်ကြီးမေးလို့ ၊ မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ ဖြေကြားထားတဲ့ အဖြေ ကို အောက်ပါ စာအုပ်မှာ ဒီလိုတွေ့ရပါတယ်။ ....
ရန်ကုန်မြို့ တံတားကလေး စိတ်ရောဂါ အထူးကုဆေးရုံအုပ်ကြီး ဒေါက်တာဦးနေဝင်း အမေး၊
မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး ၏ အဖြေ ..
သိပ္ပံအမြင် နှင့် ဗုဒ္ဓအဘိဓမ္မာ အဖြေများ စာအုပ်
စာမျက်နှာ ၆၂ မှ ၆၄ (pdf file electronic pages 80 - 82)
မေးခွန်း (၁၁)
မေး ။   ။ ငယ်ရွယ်သော ကလေးအချို့သည် သင်ကြားခြင်းမရှိပဲ ကျမ်းစာများကို ရွတ်ဆိုနိုင်ခြင်း၊ အထက်တန်းကျသော အတွက်အချက်များကို ပြုလုပ်နိုင်ခြင်း၊ တို့ကို မြန်မာပြည်၌လည်းကောင်း၊ နိုင်ငံခြား၌လည်းကောင်း တွေ့ရပါသည်။ အဘယ်ကြောင့်မသင်ပဲ တတ်မြောက်ပါသလဲ။

ဖြေ ။    ။ ၁၀ နှစ်သားတုန်းက သင်ထားတဲ့ ပညာဟာ ... ဆိုပါတော့ ... အသက် ၂၀ လောက်မှာ သူတချို့ ရွတ်နိုင်တယ်၊ ဖတ်နိုင်တယ်။ ဒါဖြင့် ၁၀ နှစ်သားတုန်းက ရုပ်ရှိသလားဆိုတော့ ၊ အသက် ၂၀ မှာ မရှိဘူး။ ၁၀ နှစ်သားတုန်းက စိတ်ရှိသေးလားဆိုတော့ ၊ အသက် ၂၀ မှာ မရှိဘူး မရှိပေမယ့်လို့သူရွတ်နိုင်တယ်။ ဖတ်နိုင်တယ်။ မှတ်နိုင်တယ်ပေါ့။
အဝိဇ္ဇာဖုံးတော့မှ မေ့
အဲဒီလိုပဲ၊ သေခါနီးမှာ သူ့အလေ့အကျင့်ကလည်း များလာတဲ့ စာတွေ ဆိုတော့ကာ၊ သေပြီးတော့ ဘဝကြီးတစ်ခုလို ချောင်းခြားနေတာမဟုတ်ဘူး။ စိတ်တစ်ခုနဲ့ တစ်ခုပြောင်းသလိုပဲ။ စုတိစိတ်၊ ပဋိသန္တေစိတ် ဆက်ရက်ပဲ။ ဆက်ရက်ဆိုတော့ကာ အများစုကတော့ တတ်သင့်တယ်။ ရပြီးသားတွေကိုရသင့်တယ်။ သို့ပေမယ်လို့ စုတေတဲ့ အချိန်မှာ၊ ပဋိသန္တေရဖို့ရန်အချိန်မှာ၊ အဝိဇ္ဇာ တဏှာတွေက အင်မတန်လွှမ်းနေတာမို့ မေ့ကုန်တာ။ အများစုကတော့ ရကိုရသင့်တယ်။ ဒီလိုရလောက်အောင်ကို သတ္တိက ဆက်နေတာ။ သို့ပေမယ့်လို့ အဝိဇ္ဇာက ဖုံးလွှမ်းထားတော့ အများစုတော့မေ့သွားတယ်။
ဇာတိဥရဥာဏ်
 လူအနည်းငယ်ကတော့ရတယ် ရတာဟာ ဘာမှ မဆန်းဘူး။ ခုနက အဝိဇ္ဇာရဲ့ ဖုံးလွှမ်းမှုနည်း လို့ သူမှတ်မိနေတာပဲ။ ရွတ်နိုင်နေတာပဲ။ တတ်နေတာပဲ။ ဘယ်သူမှ မပြောပဲနဲ့ လည်း သူဒီစာတွေကို တတ်နေတာပဲ။ အများစုက အဝိဇ္ဇာ သိတ်ဖုံးတယ်။ သဘာဝကတော့ ဘယ်လောက်မှ ဝေးတာမဟုတ်ဖူး။  အများစုဟာ ပြန်တတ်ဖို့တော့ကောင်းတယ်။ သို့ပေမယ့်လည်း အဝိဇ္ဇာက သိပ်ဖုံးသွားတော့မတတ်ဖူး။ သူတို့ကျတော့ အဝိဇ္ဇာရဲ့ အဖုံးလည်းနည်းတယ်။ ပြီးတော့ ကံကြောင့် ဇာတိဿရ ဥာဏ်ဆိုတဲ့ ဥာဏ်ကလည်း သူတို့မှာရနေတယ်။ ဒီတော့ဟိုဘဝကိုအောက်မေ့နိုင်တာရော ဘာရောစုပေါင်းပြီးတော့ စာတွေကို မသင်ပဲနဲ့ တတ်တယ်။ ရွတ်နိုင်တယ်။ ဖတ်နိုင်တယ်။
ရွတ်နိုင်သလောက်ဥာဏ်မကြီး
ရွတ်နိုင်ဖတ်နိုင်သလောက်များ ဥာဏ်ကြီးမယ်တော့ မထင်နဲ့ ၊ တခါတလေ ရွတ်နိုင်ဖတ်နိုင်တာပဲရှိတယ်။ စဉ်းစားဥာဏ်တွေ ဘာတွေ မရှိတတ်ဘူး။ ကြီးရင် မေ့သွားတယ်။ ကြီးရင်မေ့တယ်ဆိုတာ ကြားထဲမှာ ဟိုအာရုံ ဒီအာရုံတွေက ဖုံးသွားပြီ။ ဖုံးသွားတော့ ပြောစမ်းပါဆိုတော့ မပြောနိုင်ဘူး။
ကြာရင်မေ့
တခါတလေ လူဝင်စားပေါ့လေ ၊ စကားပြောတတ်တဲ့ အချိန်မှာ သူ့ဟာသူ ဟိုတုန်းက ဘယ်သူပဲ။ ဒီပစ္စည်းတွေဟာ သူ့ပစ္စည်းတွေပဲ ။ သူပြောနိုင်တယ်။ နောက်တော့ လေးနှစ် ငါးနှစ် ကြာတော့ မေးလို့မရဘူး။ တချို့က ရှက်လို့ မပြောဘူးလို့ပြောတယ်။ မဟုတ်ဘူး။ မေ့ကိုမေ့သွားတာ။ ကြားထဲမှာစိတ်တွေက အများကြီးဖြစ်နေတာ၊ ဖြစ်တော့ကို ဒီအာရုံချည်း မဟုတ်တော့ဘူး။ ဒီပြင်အာရုံတွေနဲ့ မေ့ကိုမေ့လောက်တယ်။ ပြီးတော့ ဖြစ်တဲ့ အထဲမှာ အကုသိုလ်စိတ်တွေက များလို့ရှိရင် အဝိဇ္ဇာက အမြဲပါနေတာပဲ။ ဒီတော့ မေ့တာပဲ။

Friday 24 February 2012

မိတ်ဆွေတုစစ် ဖြစ်မဖြစ်


မိတ်ဆွေ..မိတ်ဆွေနှင့် လူတိုင်းပါးစပ်ဖျားတွင်အမြဲသုံးနေသော စကားလုံးလေးတစ်ခုဖြစ်သည်။ အလုပ်လုပ်ရာတွင်လည်းကောင်း၊ မသိ၍မေးရာတွင်လည်းကောင်း၊ ခရီးသွားရာ၌လမ်းခရီးတွင် လည်းကောင်း စသည်စသည်ဖြင့်ခေါ်ဝေါ်သုံးနှုန်းပြောဆိုကြသည်။

လူကြီးမိဘ ဆရာသမားတို့ကလည်း မိမိ၏တပည့်သားသမီးများကိုမိတ်ဆွေအပေါင်းအသင်း မမှားစေရန်အမြဲသတိပေးဆုံးမတတ်ကြသည်။ မှန်ပါသည်…….. လူလောကတွင်ပေါင်းသင်း ဆက်ဆံကြသည့်အခါ၌ မိတ်ဆွေကောင်းကိုရရှိဖို့တော်ရုံတန်ရုံနှင့် မလွယ်ပါပေ။

ဘုရားဟောဇာတ်တော်များ၌ အဇာတသတ်သည် ဒေ၀ဒတ်ကို ပေါင်းသင်းမှားမိ၍ အဖေကို ထောင်သွင်းသတ်မိသည်။ ဇီဝကကိုပေါင်းသင်းမိ၍ ဘုရားရှင်ထံရောက်ပြီး သာမညဖလသုတ်ကို နာကြားခွင့်ရရှိပြီး နောက်ဆုံး၌ ပထမသင်္ဂါယနာတင်မင်းအဖြစ် သမိုင်းဝင်ဖြစ်ခဲ့သည်။ ဒီအချက်ကို ထောက်ခြင်းဖြင့် မိတ်ဆွေအပေါင်းအသင်းသည်ဘ၀တစ်ခုအတွက် အမြင့်တင်ပေးနိုင်သူရှိသကဲ့သို့ အနိမ့်ရောက်အောင်တွန်းချမည့် သူများလည်းရှိနိုင်ပါသည်။ ယခု IT ခေတ်၌ မိတ်ဆွေဖွဲ့ရာ၌ G-TALK, VZO, YAHOO, SKYPE, FACEBOOK, စသည်စသည်ဖြင့် အမျိုးမျိုးဖွဲ့ကြ၏။ အစစ်အမှန်မိတ်ဆွေ လိုလားသူများရှိသကဲ့သို့အတုအရောင်များလည်း ဒူးနှင့်ဒေးဖြစ်၏။ ထိုကြောင့် မိတ်ဆွေဟူသော စကားလုံးခေါင်းစဉ်အောက်၌ သတိထားရမည့်အချက်ပေါင်း များစွာရှိ၏။ မိတ်ဆွေအပေါင်း အသင်း သူငယ်ချင်းဟူသောအချက်တွင်…

၁။ စိတ်ပေါင်းကိုယ်ခွါသူငယ်ချင်းမိတ်ဆွေ

၂။ကိုယ်ပေါင်းစိတ်ခွါသူငယ်ချင်းမိတ်ဆွေ

၃။စိတ်ပေါင်းကိုယ်ပေါင်းသူချင်းမိတ်ဆွေ ဟူ၍ (၃)မျိုးခွဲခြား နိုင်ပါသည်။

၁။ စိတ်ပေါင်းကိုယ်ခွါသူငယ်ချင်းမိတ်ဆွေ ဆိုသည်မှာ…မိမိ၏ ကောင်းကျိုးကိုလိုလား နှစ်သက်သူ ဆိုးတိုင်ပင် ကောင်းတိုင်ပင်မိတ်ဆွေမျိုးဖြစ်၏။ ၎င်းပုဂ္ဂိုလ်သည် မိမိနှင့်ကွဲကွာနေသော် လည်းပဲ မိမိစိတ်နှင့်ထပ်တူဖြစ်နေတတ်သောကြောင့် စိတ်ပေါင်းကိုယ်ခွါ သူငယ်ချင်းမိတ်ဆွေမည်၏။

၂။ ကိုယ်ပေါင်းစိတ်ခွါသူငယ်ချင်းမိတ်ဆွေ ဆိုသည်မှာ….ကိုယ့်အတ္တ ကိုယ့်အကျိုးကိုသာ ကြည့်တတ်ပြီး သူတစ်ပါးအတွက် ငဲ့ကွက်မှုမရှိသူ၊ မိမိဂုဏ်သိက္ခာအတွက် သူငယ်ချင်းအပေါ်၌ အပြစ်ပုံချတတ်သူ၊ အတူနေပင်နေငြားသော်လည်း သူငယ်ချင်း၏ မှားကွက်ကိုသာ ရှာကြံနေတတ်သူ ဖြစ်၏။ ယင်းပုဂ္ဂိုလ်မျိုးကို အတူနေထိုင်သွားလာနေရသော်လည်း မိမိ၏အတွင်းရေး (personal)ကိစ္စ များကို ဖွင့်ဟပြောဆိုမတိုင်ပင်သင့်ပေ။ လူချင်းပေါင်း၍ စိတ်ချင်းမပေါင်းသင့်သောကြောင့် ကိုယ်ပေါင်း စိတ်ခွါသူငယ်ချင်းမိတ်ဆွေ မည်၏။

၃။ ကိုယ်ပေါင်းစိတ်ပေါင်းသူငယ်ချင်းမိတ်ဆွေ ဆိုသည်မှာ….ဆင်းရဲချမ်းသာမခွဲခြားပဲ ငယ်စဉ်ကလေးဘ၀မှစ၍လက်တွဲလာခဲ့သူ၊ တစ်ဦးနှင့်တစ်ဦးနားလည်မှု အပြန်အလှန်ရှိသူ၊ မိမိဒုက္ခ ဖြစ်မည့်အရေးနှင့်ကြုံလာလျင် အမြဲတမ်းရောက်လာပြီး ကူညီဖြေရှင်းပေးတတ်သူ၊ မိမိလမ်းမှားကို ရောက်တော့မည်ဆိုလျင် အားမနာတမ်းရှင်းပြ၍ လမ်းမှန်သို့ရောက်အောင် ဦးတည်ပေးသူ ဖြစ်၏။ အမှန်တရားကိုမြတ်နိုး၍ သစ္စာရှိ၏။ ၎င်းမိတ်ဆွေမျိုးကို ကိုယ်ရောစိတ်ရော ပေါင်းသင်းထိုက်သော ကြောင့် ကိုယ်ပေါင်းစိတ်ပေါင်းသူငယ်ချင်းမိတ်ဆွေမည်၏။

မိတ်ဆွေအပေါင်းအသင်းနှင့်ပတ်သက်၍ မည်သည့်ပုဂ္ဂိုလ်မျိုးကို ပေါင်းသင်းထိုက်သည်ကို နတ်သားတစ်ယောက်က မြတ်စွာဘုရားရှင်အားမေးလျောက်ထားသည်မှာ….

ကိံသု မိတ္တံ ပသ၀ထော ၊ ကိံသု မိတ္တံ သကေ ဃရေ။

ကိံ မိတ္တံ အတ္ထဇာတဿ ၊ ကိံ မိတ္တံ သမ္ပရာယိကံ။…..ဟူ၍ မေးခွန်း(၄)ချက်ဖြစ်၏။

မေးခွန်း(၄)ချက်၏အဓိပ္ပါယ်မှာ(၁) ခရီးသွားရာ၌ ဘယ်လိုပုဂ္ဂိုလ်မျိုးသည် မိတ်ဆွေကောင်း ဖြစ်ပါနည်း။ (၂) မိမိအိမ်မှာ ဘယ်လိုပုဂ္ဂိုလ်မျိုးသည် မိတ်ဆွေကောင်း ဖြစ်ပါသနည်း။ (၃) မိမိ၏ အကျိုးစီးပွါးကိုဆောင်ရွက်ရာ၌ တိုင်ပင်သင့်သောမိတ်ဆွေကောင်းသည် ဘယ်သူဖြစ်သနည်း။ (၄) ပစ္စုပ္ပန် တမလွန်သံသရာ၌ မိတ်ဆွေကောင်းသည် ဘယ်ဟာဖြစ်သနည်း….ဟူ၍မေးလျောက်ခဲ့၏။ ယင်းမေးခွန်းလေးချက်ကို မြတ်စွာဘုရား ဖြေကြားထားသည်မှာ…….

သတ္ထော ပသ၀ထော မိတ္တံ ၊ ဟောတိ မိတ္တံ သကေ ဃရေ။

သဟာယော အတ္ထဇာတဿ ၊ ဟောတိ မိတ္တံ ပုနပ္ပုနံ။

သယံ ကတာနိ ပုညာနိ ၊ ဟောတိ မိတ္တံ သမ္ပရာယိကံ… ဟူ၍ဖြေကြားတော်မူခဲ့ပါသည်။ အဓိပ္ပါယ်မှာ…(၁) ခရီးသွားရာ၌ မိတ်ဆွေကောင်းဟူသည်မှာ ကုန်သည် ပွဲစားများနှင့်အတူ ပေါင်းသင်း၍ ခရီးသွားနိုင်ပါသည်။ ကုန်သည်ပွဲစား တို့သည် အမြဲတမ်းခရီးသွားကြသဖြင့် လမ်းခရီး မြို့၊ရွာများ၌နှံ့စပ်ကျွမ်းကျင်၏။ မိမိမသိသေးသည့်နေရာဒေသတို့ကို လမ်းညွှန်ပေးတတ်၏။ သို့အတွက်ကြောင့် ကုန်သည်ပွဲစားတို့သည် ခရီးသွားရာ၌ ပေါင်းသင်းထိုက်သော မိတ်ဆွေကောင်း များဖြစ်၏။

(၂) မိမိနေအိမ်၌ မိတ်ဆွေကောင်းဟူသည်မှာ မိဘနှစ်ပါးဖြစ်ပါသည်။ မိဘတို့မည်သည် မိမိတို့၏ သားသမီးများကို အမြဲကောင်းစားစေချင်ကြ၏။ ဆင်စီးမြင်းရံတာကိုမြင်ချင်ကြ၏။ သားသမီး တို့၏ဘေးရန်ဟူသမျှကို ကာကွယ်စောင့်ရှောက်ပေး၏။ သားသမီးနှင့် ပတ်သက်လာလျင် အသာမခံ အနာခံလျက် မိမိတို့၏အသက် တစ်ချက်က ဥစ္စာ ဤနှစ်ဖြာ အစွန်းသွင်းလျက် အရေးတမူ မွေးမြူပေးကြ၏။ ပုဗ္ဗာစရိယ မိနှင့်ဖ ဆိုသကဲ့သို့ မိမိတို့၏သားသမီးများကိုနေရေး၊ထိုင်ရေး ၊သွားရေး၊ လာရေး အစစအရာရာ သွန်သင်ဆုံးမပေး၏။ မေတ္တာ ကရုဏာ မုဒိတာနှင့် ဥပေက္ခာ ဟုဆိုအပ်သော ဗြဟ္မစိုရ်တရားနှင့်အညီ သားသမီးများအပေါ်၌ စောင့်ရှောက်တတ်သောကြောင့် ဗြဟ္မာကြီးများနှင့် အလားသဏ္ဌာန်တူ၏။ မိဘတို့၏ကျေးဇူးကား အင်မတန်ကြီးမားလှပေသည်။ ကျေးဇူးရှင်မိဘ တို့အားဘယ်သောအခါမျှ ကျေးဇူးမကန်းသင့်ပေ။ မိဘနှစ်ပါးသက်ရှိထင်ရှားရှိစဉ် ပြုစုလုပ်ကျွေးခြင်း ဖြင့် နေ့စဉ်ကောင်းမှုကုသိုလ်ကို ရယူတတ်ရန်လိုအပ်ပေသည်။ ထို့ကြောင့် မိဘနှစ်ပါးသည် မိမိနေ အိမ်၌ အမြဲဆည်းကပ်ပေါင်းသင်းထိုက်သော မိတ်ဆွေကောင်းများဖြစ်၏။

(၃) မိမိ၏အကျိုးစီးပွါးကို ဆောင်ရွက်ရာ၌တိုင်ပင်သင့်သော မိတ်ဆွေကောင်းဆိုသည်မှာ ဆင်းရဲချမ်းသာမခွဲခြားပဲ အတူတွဲပေါင်းသင်းလာခဲ့သော ငယ်သူငယ်ချင်းဖြစ်သည်။ သူငယ်ချင်း ဟူသောစကားလုံး၌ အများသူငါပြောဆိုသုံနှုန်းနေသော သူငယ်ချင်း(၃)မျိုးရှိ၏။ ၎င်းတို့မှာ (၁)သူငယ်ချင်း (၂)သူငယ်ညှင်း (၃)သူငယ်နင်း ဟူ၍ဖြစ်၏။

သူငယ်ချင်းဆိုသည်မှာ အချင်းချင်း တစ်ဦးနှင့်တစ်ဦး နားလည်မှုအပြန်အလှန်ရှိပြီး ကိုယ့်ဒုက္ခ သူ့ဒုက္ခ စာနာတတ်သူ၊ အချင်းချင်းကူညီရိုင်းပင်းလျက် ဒုက္ခဖြစ်မည့်အရေးကြုံက အနားရောက် လာပြီးအားပေးကူညီတတ်သူကို သူငယ်ချင်း ဟုခေါ်၏။

သူငယ်ညှင်းဆိုသည်မှာ အချင်းချင်းရင်းနှီးမှုကို အကြောင်းပြု၍ အကူအညီအမြဲတောင်းနေသူ တစ်ခါနှစ်ခါမက မိမိအားအမြဲတမ်းစေခိုင်းနေသူ အချင်းချင်းတွေ့လျင် ညှင်းဆဲဖို့သာအားသန်နေသူ မိမိဘက်မှအမြဲကူညီခဲ့သော်လည်း တဖန်ပြန်ပြီးအကူအညီမပေးတတ်သူဖြစ်၏။ အပေါင်းအဖေါ်အား တွေ့လျင်အမြဲတမ်း ညှင်းဆဲတတ်သောကြောင့် သူငယ်ညှင်း ဟုခေါ်၏။

သူငယ်နင်းဆိုသည်မှာ မိမိကောင်းစားဖို့အတွက် မိမိသူငယ်ချင်းအားခုတုံးလုပ်တတ်သူ သူငယ်ချင်းနှင့်ပတ်သက်လာလျင်ဘယ်သောအခါမျှအနစ်နာမခံတတ်သူ ချမ်းသာသည့်အချိန်၌အနား ရောက်လာတတ်ပြီး ဆင်းရဲသည့်အချိန်၌ ခွါပြေးသွားတတ်သူဖြစ်၏။ မိမိဘ၀တိုးတက်ကြီးပွါးမည့် အရေး၊ မိမိဘ၀ထင်ပေါ်ကျော်ကြားမည့်အရေးကြုံလာလျှင် သူငယ်ချင်းအားနင်းပြီး ကြိုးစားတတ်သူ ကို သူငယ်နင်း ဟုခေါ်၏။

ဤနေရာ၌ အချင်းချင်းစာနာရိုင်းပင်းတတ်သော နံပါတ်တစ် သူငယ်ချင်းသည် မိမိအကျိုးစီးပွါး ကို ဆောင်ရွက်ရာ၌ တိုင်ပင်သင့်တိုင်ပင်ထိုက်သော မိတ်ဆွေကောင်း ဖြစ်၏။

(၄)နောင်ဘ၀သံသရာ၌ မိတ်ဆွေကောင်းဆိုသည်မှာ မိမိကိုယ်တိုင်ပြုလုပ်သော ကောင်းမှု ကုသိုလ်ြဖစ်၏။ ယခုပစ္စုပ္ပန်ဘ၀၌ မိမိကိုယ်တိုင်ပြုလုပ်ခဲ့သော ဒါန ၊ သီလ ၊ ဘာဝနာ တို့သည် နောင်ဘ၀သံသရာ၌ ကူညီစောင့်ရှောက်ပေးမည့်မိတ်ဆွေကောင်းများဖြစ်ပါသည်။ မိမိ၏တို့၏ဘ၀ တစ်ဆင့်ထက်တစ်ဆင့် မြင့်သထက်မြင့်အောင် ကူညီစွမ်းဆောင်ပေးမည့် မိတ်ဆွေကောင်းမှာ မိမိကိုယ်တိုင်ပြုလုပ်သော ကုသိုလ်ကောင်းမှုဖြစ်၏။ ကိုယ်တိုင်ပြုလုပ်ခဲ့သောကုသိုလ်ကောင်းမှုသည် နောင်ဘ၀သံရာတွင် အကောင်းဆုံးမိတ်ဆွေ ဖြစ်၏ဟူ၍ ဖြေကြားတော်မူခဲ့ပါသည်။

ဤနေရာ၌ သတိထားရမည့်အချက်မှာ ခရီးသွားရာ၌ အကောင်းဆုံးမိတ်ဆွေနှင့် အကျိုးစီးပွါး ကိုဆောင်ရွက်ရာ၌တိုင်ပင်သင့်သောမိတ်ဆွေဖြစ်သည်။ ယင်းမိတ်ဆွေ(၂)မျိုးကို သတိပြုရမည်မှာ

(၁)စိတ်ပေါင်းကိုယ်ခွါဖြစ်သင့်သလား?

(၂)ကိုယ်ပေါင်းစိတ်ခွါဖြစ်သင့်သလား?

(၃)ကိုယ်ပေါင်းစိတ်ပေါင်းဖြစ်သင့်သလား?

ဆရာတော်တစ်ပါးဆုံးမခဲ့ဖူးသည်ကို အောက်မေ့အမှတ်ရနေမိပါသည်။

မိတ်ဆွေတုစစ် ဖြစ်မဖြစ် မှုဖြစ်ကြုံလာသိ..တဲ့..။

သတ္တ၀ါမှန်သရွေ့ မိတ်ကောင်းတွေ့ ချမ်းမြေ့သာယာရှိပါစေ…….။

ရွှေတံခွန်- အရှင်တေဇ၀န္တ

Ph,D(Thesis,Chennai,India)

Friday 17 February 2012

မေတ္တာပို့ခြင်း နှင့် မေတ္တာအံခြင်း

မေတ္တာပို့ခြင်းနှင့် မေတ္တာအံခြင်း

မေတ္တာသဟဂတေန စေတသာ သဗ္ဗပါဏဘူတေသု ဖရိတွာ သိက္ခာပဒံ သမာဓိယာမိ… ဟူသောကိုးပါးသီလဆောက်တည်ရာ၌ လူတိုင်းရွတ်ဆို၍ သီလဆောက်တည်ဖူးကြလိမ့်မည်ဖြစ်၏။အဓိပ္ပါယ်မှာ မေတ္တာနှင့်ယှဉ်သောစိတ်ဖြင့် အားလုံးသောသက်ရှိသတ္တ၀ါတို့၏အပေါ်၌ ပျံ့နှံ့၍ သိက္ခာပုဒ်ကို ဆောက်တည်ကျင့်သုံးပါ၏ဟု ဆိုလိုခြင်းဖြစ်၏။ သတ္တ၀ါအားလုံးအပေါ်၌ မေတ္တာထားခြင်းဖြင့်နေ့တိုင်းမေတ္တာပို့ကြ၏။ သို့သော် မိမိပို့လွတ်အပ်သောမေတ္တာသည် သတ္တ၀ါတို့အပေါ်၌ ကျရောက်ခြင်း ၊ မကျရောက်ခြင်းသည် ပို့လွတ်သူ၏ အတွင်းစိတ် မေတ္တာနှင့်သက်ဆိုင်၏။ မိမိ၏စိတ်ထဲ၌မပါဘဲ နှုတ်ဖြင့် လုံးစုံများစွာ သတ္တ၀ါကျန်းမာကြပါစေ….. စသည်ဖြင့် ကလေးများဆရာ/ ဆရာမများအထံ၌ စာအံသကဲ့သို့ ရွတ်ဖတ်နေခြင်းသည် မေတ္တာပို့ခြင်းမဟုတ် မေတ္တာအံခြင်းသာဖြစ်၏။ မေတ္တာအံခြင်းဖြစ်သဖြင့်မေတ္တာလည်းမသက်ရောက်ပါပေ။မေတ္တာပို့သည်ဟူရာ၌ ကာရုည စိတ္တံ ဥပထပေတွာ သတ္တ၀ါအားလုံးအပေါ်၌ သနားသောစိတ်ကို ဖြစ်စေ၍ မိမိစိတ်နှလုံးမှ အမှန်တကယ်ဖြစ်သောစိတ်ဖြင့်.. လုံးစုံများစွာ သတ္တ၀ါကျန်းမာကြပါစေ… စသည်ဖြင့် ဂရုဏာရှေ့ရှု၍ ရွတ်ဆိုခြင်းသည် မေတ္တာပို့ခြင်းဖြစ်၏။ မေတ္တာပို့ခြင်းဖြစ်သဖြင့်မေတ္တလည်းသက်ရောက်၏။ သို့အတွက်ကြောင့် မေတ္တာပို့ခြင်းနှင့် မေတ္တာအံခြင်းတို့တွင် မေတ္တာပို့ခြင်းဖြစ်စေချင်ပါသည်။ အန္တရာယ်ခပ်သိမ်း ရှောင်ခွါတိမ်း ကင်းငြိမ်းကြပါစေ……

Sunday 12 February 2012

အဘိဓမ္မာနေ့အရေးတော်ပုံ (မေဒိနီဆရာတော်အဆုံးအဖြတ်)


 ရန်ကုန်မြို့၊ ရေကူးကန်ပဲ့၊ ကျောက်ကုန်းတောရမေဒိနီဆရာတော်ဘုရား
အဘိဓမ္မာဘုရားဟောဖြစ်ကြောင်း
၁။ မြတ်စွာဘုရားသည် နတ်ပြည်သို့ ကြွရောက်ကာ အဘိဓမ္မာတရားတော်မြတ်ကို ဟောကြားတော်မူ ခဲ့သည်ဟု မြတ်စွာဘုရားကိုယ်တော်တိုင် တစ်ခါဘူးမျှ မိန့်မြွက်ခြင်း မရှိခဲ့ဖူးချေ ဟူ၍ စွပ်စွဲရေးသားခဲ့၏။
ဘုရားရှင်ကိုယ်တော်တိုင် ငါနတ်ပြည်သို့ ကြွသည်၊ အဘိဓမ္မာတရားများလလည်း ဟောခဲ့သည် စသည်ဖြင့် ဗျာဒိတ်တော် မရှိခဲ့ဘူးကြောင်း ၀န်ခံသည်။ အကြောင်းကား အဘိဓမ္မာတရားများ ဟောကြားတော်မူရန် နတ်ပြည်သို့ကြွခဲ့သည်စသည်ဖြင့် ဘုရားရှင်ကိုယ်တော်တိုင် ထုတ်ဖော် ဟောကြားရန် သင့်/မသင့် ထောင့်ချင့်စဉ်းစားရန်လို၏။ ယခုခေတ်ကာလ ဓမ္မကထိကများပင် မေးသူ တစ်စုံတစ်ယောက်မရှိပါဘဲ ငါ ဤအရပ်၌ ဤမည်သောတရားကို ဟောကြားခဲ့သည်ဟု မိမိကိုယ်တိုင် ထုတ်ဘော်ပြောဆိုသံကြားဖူးသလော၊ အကယ်၍ပြောဆိုပါက ကြွားလုံးထုတ်သည်ဟု အများကပင် ပြစ်တင်စကား ပြောကြားမည်မဟုတ်ပါလော။ ထုတ်ဘော်ပြောကြားရန် တော်၏/မတော်၏ စဉ်းစား။ မောင်ရင်စက္ကိန္ဒသည် မိမိကိုယ်ကို ယခုခေတ်ကာလ ဓမ္မကထိက အနေထားပြီး စဉ်းစားမိလျှင် ဤ နံပါတ်- ၁ စကားကို ရေးသားလိမ့်မည်မဟုတ်။
၂။ တာဝတိံသာနတ်ပြည်သို့ မြတ်စွာဘုရား ကြွတော်မူသည်ဆိုသော ပုံပြင်ဝတ္ထုသည် အသင်္ဂထေရ်ထံမှ နည်းရ၍ ရှင်ဗုဒ္ဓဃောသ ထွင်လိုက်သော ထွင်လုံးမျှသာ ဖြစ်၏။ သင်္ဂါယနာတင်ကျမ်းစာများဖြစ်သော ပိဋကတ်တော်မှာ မရှိ။
စကားအားလုံး ခြုံ၍စိစစ်သော် တာဝတိံသာနတ်ပြည်သို့ မြတ်စွာဘုရား ကြွတော်မူသည်။ နတ်ပြည်၌ အဘိဓမ္မာတရား ဟောတော်မူသည်။ သီတင်းကျွတ်လပြည့်နေ့ သင်္ကဿနဂိုရ်ပြည်သို့ သက်ဆင်းတော်မူသည် စသည်ဖြင့် အကျယ်ဝိတ္ထာရ ရေးသားထားသော စကားများသည်  ရှင်ဗုဒ္ဓဃောသထွင်လုံးချည်းသာ။ ပိဋကတ်တော်မှာ မရှိ၊ သို့အတွက် နိုင်ငံတော်အတွင်းရှိ ဗုဒ္ဓ၀ါဒီပုဂ္ဂိုလ်အချို့တို့ မယုံကြည်ကြဟု ဆိုရာရောက်၏။ ကိုရင့်အမှု ရွာမပတ်စေနဲ့ဟု သတိပေး လိုသည်။ ။ မယုံသူများကို ယုံရကောင်းစေဟု မဆိုလို။ ရှင်ဗုဒ္ဓဃောသရေးသားသော စကားများ အခြေအမြစ် ရှိ/မရှိ၊ ထွင်လုံးဟုတ်/မဟုတ် အများသိသာရန်အတွက် ရည်ရွယ်ချက်ရှေ့ထားပြီး ရေးသားရန်တာဝန်ရှိသဖြင့် အဆုံးအဖြတ်စကားများ ရေးသားပေအံ့။
အဆုံးအဖြတ်စကားများ
ဓမ္မကထိက၀တ္ထု။        ။ ရဟန်းတစ်ပါးသည် အလုံးစုံသော နိကာယ်ငါးရပ်ကိုဆောင်သော ပရိသတ် အလယ်၌ အဘိဓမ္မာပါဠိကို ထုတ်ပြီးလျှင် ရူပက္ခန္ဓော အဗျာကတော၊ စတ္တာရော ခန္ဓာ သိယာ ကုသလာ သိယာ အကုသလာ သိယာ အဗျာကတာ (လ) ဆ ဣန္ဒြိယာနိ သိယာ ကုသလာ သိယာ အကုသလာ သိယာ အဗျာကတာ စသည်ဖြင့် ရှည်လျားစွာ ဟောသောအခါ ရဟန်းတစ်ပါးက ထပြီးလျှင် ငါ့ရှင် ဓမ္မကထိက သင်သည် မြင့်မိုရ်တောင် ရစ်ပတ်ဘိသကဲ့သို့ ရှည်လျားစွာသောပါဠိကို ရွတ်ဆိုဘိ၏။ သင်ယခု ရွတ်ဆိုသော ပါဠိသည် အဘယ်ကပါဠိနည်းဟုမေး၏။ အဘိဓမ္မာပါဠိဟု ဖြေဆို သော် အဘိဓမ္မာပါဠိကို အဘယ့်ကြောင့်ရွတ်ဆိုသနည်း၊ တစ်ပါးသော ဘုရားဟောပါဠိကို အဘယ့်ကြောင့် မရွတ်ဆိုသနည်းဟု မေးပြန်၏။ အဘိဓမ္မာပါဠိကို အဘယ်ပုဂ္ဂိုလ်ဟောသနည်းဟု ပြန်မေးသော်- ဤအဘိဓမ္မာပါဠိသည် ဘုရားဟောမဟုတ်ဟု ပြော၏။ ငါ့ရှင် သင်သည် ၀ိနည်းပိဋကကို သင်ဘူးသလောဟု မေးသော်- မသင်ဘူးကြောင်း ပြော၏။ ၀ိနည်းကို မသင်ဘူးသည့် အတွက် သင်သည် ဤစကားမျိုးကို ပြောဟန်တူသည်ဟု ပြောလိုက်သောအခါ - အနည်းငယ် ၀ိနည်းကို သင်ဘူးပါတယ်ဟု ပြန်ပြော၏။ သင်ဝိနည်းကိုသင်တုန်းက ကောင်းကောင်းသင်ခဲ့သည် မဟုတ်၊ ပရိသတ်အစွန်အဖျားကနေ၍ ငိုက်မျည်းပြီး သင်ယူခဲ့ခြင်း ဖြစ်ပေလိမ့်မည်။ အနည်းငယ်သော ၀ိနည်းကိုမျှ ကောင်းစွာမသင်ဘူးသည့်အတွက် သင့်လိုပုဂ္ဂိုလ်မျိုးက သရဏဂုဏ်ဆရာ၊ ကမ္မ၀ါစာဆရာ ပြုလုပ်ပြီး ရှင်ပြုပေးအပ်သူ၊ ရဟန်းခံပေးအပ်သူတို့ အဘယ်မှာ ရှင်ရဟန်းဖြစ်နိုင်ပါမည်နည်းဟု အပြစ်ပြောပြီး အောက်ပါပါဠိကို ရွတ်ပြ၏။  
အနာပတ္တိ န ဝိဝဏ္ဏေတုကာမော, ‘‘ဣင်္ဃ တွံ သုတ္တန္တေ ဝါ ဂါထာယော ဝါ အဘိဓမ္မံ ဝါ ပရိယာပုဏဿု, ပစ္ဆာ ဝိနယံ ပရိယာပုဏိဿသီ’’တိ ဘဏတိ (ဘိက္ခုဝိဘင်း၊ ၀ိလေခနသိက္ခာပုဒ်၊ နံပါတ်၊ ၆၅။)
သုတ္တန္တေ ဩကာသံ ကာရာပေတွာ ဝိနယံ ဝါ အဘိဓမ္မံ ဝါ ပုစ္ဆတိ, အာပတ္တိ ပါစိတ္တိယဿ။ ဝိနယေ ဩကာသံ ကာရာပေတွာ သုတ္တန္တံ ဝါ အဘိဓမ္မံ ဝါ ပုစ္ဆတိ, အာပတ္တိ ပါစိတ္တိယဿ။ အဘိဓမ္မေ ဩကာသံ ကာရာပေတွာ သုတ္တန္တံ ဝါ ဝိနယံ ဝါ ပုစ္ဆတိ, အာပတ္တိ ပါစိတ္တိယဿ။။ (ဘိက္ခုနီဝိဘင်း၊ ဆတ္တ၀ဂ်၊ ဒွါဒသမသိက္ခာပုဒ်။) ဟူသောဤ၀ိဘင်းပါဠိတော်နှစ်ရပ်ကို ကိုးကားထောက်ထား၍ အဘိဓမ္မာ ဘုရားဟောဖြစ်ကြောင်း ဓမ္မကထိကရဟန်းပြော၏။
ပါဠိတော်များ၏အဓိပ္ပါယ်
ဘိက္ခုဝိဘင်းပါဠိတော်ဖြင့် ကဲ့ရဲ့လိုသော စိတ်မရှိဘဲ သုတ္တန်ဂါထာ၊ အဘိဓမ္မာတို့ကို သင်ဦးလော့။ ၀ိနည်းကိုနောက်မှ သင်ရလတံ့စသည်ဖြင့်ဆိုသောရဟန်းအား အာပတ်မသင့်ခြင်းကို မုချ တိုက်ရိုက်ပြ သည်။  ဘိက္ခုနီဝိဘင်းပါဠိတော်ဖြင့် သုတ္တန်၌ခွင့်တောင်းပြီး ၀ိနည်းကိုလည်းကောင်း၊ အဘိဓမ္မာကို လည်းကောင်း မေးသော ဘိက္ခုနီမ၊ ၀ိနည်း၌ခွင့်တောင်းပြီး သုတ္တန်ကိုလည်းကောင်း၊ အဘိဓမ္မာကို လည်းကောင်း မေးသောဘိက္ခုနီမ၊ အဘိမ္မာ၌ခွင့်တောင်းပြီး သုတ္တန်ကိုလည်းကောင်း၊ ၀ိနည်းကို လည်းကောင်း မေးသောဘိက္ခုနီမအား ပါစိတ်အာပတ်သင့်သည်ကို မုချတိုက်ရိုက်ပြသည်။ ဤသို့ပြလိုက်သဖြင့် ဘုရားဟောဖြစ်သော သုတ်စသည်တို့နှင့် အဘိဓမ္မာကို အထူထား၍ ဟောကြား သောကြောင့်လည်းကောင်း၊ သာသနာတော်မှအပဖြစ်သော ရသေ့ပရိဗိုဇ်စသည်တို့ ဟောကြားစီရင် အပ်သော ကျမ်းများ၌ ဤစကားမျိုးမရှိသောကြောင့်လည်းကောင်း အဘိဓမ္မာ၏ဘုရားဟောအဖြစ်ကို လည်း နေယျတ္ထသာမတ္ထိယအားဖြင့် ပြသည်ဟုယူရမည်။
အဘိဓမ္မာသည် ငါဘုရားဟောကြားအပ်သော တရားအစစ်ဖြစ်သည်ဟု တိုက်ရိုက်မဆိုသော်လည်း မှန်းဆတတ်သော အနုမာနဉာဏ်ရှိသူဖြစ်လျှင် အဘိဓမ္မာဘုရားဟောဖြစ်ကြောင်း သိနိုင်ပါလောက်ပါ လျက် မသိသည့်အတွက် အဘိဓမ္မာဟာ ဘုရားဟောမဟုတ်ဟူ၍ မြတ်စွာဘုရားသာသနာတော်ကို ပုတ်ခတ် ပြောဆိုမိချေသည်ဟု အဓိပ္ပါယ်ရသည်။
မဟာဂေါသိင်္ဂသုတ်
ဓမ္မသေနာပတိဖြစ်တော်မူသော အရှင်သာရိပုတ္တရာထေရ်သည် မိမိတို့အချင်းချင်း မေးအပ်သော ပြဿနာနှင့် အဖြေများကို မြတ်စွာဘုရားအား လျှောက်ထားခြင်းအကျိုးငှါ မြတ်စွာဘုရားထံသို့ သွားပြီး မဟာမောဂ္ဂလာန်ထေရ်၏ ဖြေဆိုပုံကို လျှောက်ထား၏။ လျှောက်ပုံ- ငါ့ရှင်မောဂ္ဂလာန် အဘယ်သို့ သဘောရှိသောရဟန်းသည် ဤငါတို့နေသော အင်ကြင်းတောကြီးကို (၀ါ- သာသနာတော်ကြီးကို) တင့်တယ်စေသနည်းဟုမေးပါသည်။ ထိုသို့မေးသောအခါ ငါ့ရှင်သာရိပုတ္တရာ ဤသာသနာတော်၌ ရဟန်းနှစ်ပါးတို့သည် အဘိဓမ္မာတရားကို ပြောကြားကြကုန်၏။ ထိုရဟန်းနှစ်ပါးတို့အချင်းချင်း ပြဿနာကို မေးမြန်းကြကုန်သည်ဖြစ်၍ ဖြေဆိုကြကုန်၏။ တွန့်တိုဆုတ်နစ်ခြင်းမရှိကြကုန်။ ထိုရဟန်း နှစ်ဦးတို့၏ တရားစကားဖြစ်ခြင်းသည် တရားနှင့်လျော်၏။ ငါ့ရှင်သာရိပုတ္တရာ ဤသို့သဘောရှိသော ရဟန်းသည် အင်ကြင်းတောကြီးကို တင့်တယ်စေ၏ဟူ၍ ဖြေဆိုပါသည်ဘုရားဟု လျှောက်ထား၏။  ထိုအခါ မြတ်စွာဘုရားက - သာဓု သာဓု သာရိပုတ္တရာ၊ ယထာ တံ မောဂ္ဂလာနော စ သမ္မာယျ ဗျာကရမာနော ဗျာကရေယျ၊ မောဂ္ဂလာနော ဟိ သာရိပုတ္တ ဓမ္မကထိတော= ဟုမိန့်တော်မူလိုက်၏။ အဘိဓမ္မာကို ဆောင်သောရဟန်းသည် ငါဘုရားသာသနာတော်မှ အပဖြစ်ကုန်၏ဟု ကဲ့ရဲ့တော် မမူပါဘဲ  ချစ်သားသာရိပုတ္တရာ သာဓု သာဓု- ကောင်း၏ ကောင်း၏ ဟု မောဂ္ဂလာန်ထေရ်အား ကောင်းချီးနုမော် သာဓုခေါ်ပြီး ထိုပြဿနာကို မောဂ္ဂလာန်သည် ကောင်းစွာဖြေဆိုသကဲ့သို့ ထို့အတူ မောဂ္ဂလာန်မှတပါးသော ပုဂ္ဂိုလ်သည်လည်း ဖြေဆိုရပေလိမ့်မည်။ သို့အတွက် မောဂ္ဂလာန်ဖြေဆိုခြင်း သည် ကောင်းသောဖြေဆိုခြင်းဖြစ်သည်။ ချစ်သားသာရိပုတ္တရာ မောဂ္ဂလာန်သည် ဓမ္မကထိကအစစ် ဖြစ်၏ဟုမိန့်တော်မူလိုက်၏။
မှတ်ချက်။       ။ အဘိဓမ္မာဆောင်သောရဟန်းအား ကောင်းချီးနုမော် သာဓုခေါ်သည်ကိုထောက် သော် အဘိဓမ္မာသည် ဘုရားဟော ဟုတ်လေသလော၊ မဟုတ်လေသလောဟု ယုံမှားသံသယဖြစ်ရန် အလျဉ်းမရှိသင့်။ ဘုရားဟောအစစ်ဖြစ်ကြောင်း အလွန်ထင်ရှားသည်ဟု မှတ်ထိုက်၏။ ထိုသို့မှတ်ထိုက်ပါလျက် မမှတ်နိုင်လျှင် မမှတ်နိုင်သူ၏ အပြစ်ပင်။
အင်္ကုရပေတ၀တ္ထု
အင်္ကုရနတ်သား ဣန္ဒကနတ်သားတို့ နတ်စည်းစိမ်ကို ခံစားကြစဉ်အခါ မြတ်စွာဘုရား ခုနစ်ဝါမြောက် ၀ါဆိုလပြည့်နေ့ သာဝတ္ထိပြည် တောင်တံခါးဝ ကဏ္ဍမ္ဗသရက်ဖြူပင်ရင်း၌ တိတ္ထိတို့ကို နှိမ်နင်းခြင်းငှါ ယမိုက်ပြာဋိဟာတို့ကို ပြတော်မူပြီးသည့်အဆုံး နှစ်လမ်းသုံးဘ၀ါးဖြင့် တာဝတိံသာနတ်ပြည်သို့ ကိုယ်တော်တည်း ကြွမြန်းစမ္ပယ်တော်မူပြီးလျှင် ပင်လယ်ကသစ်ပင်ရင်း မြကျောက်ခင်း၌ နေမင်းသဘွယ် တင့်တယ်စွာ အဘိဓမ္မာကို ဟောခြင်းငှါ တစ်သောင်းသောလောကဓာတ်မှ ရောက်လာကြသော နတ်ဗြဟ္မာတို့၏ အရောင်အသရေကို လွှမ်းမိုးလျက် ထိုင်နေတော်မူပြီး တစ်ဆယ့် နှစ်ယူဇနာဝေးကွာသောအရပ်သို့ ဆုတ်နေရသော အင်္ကုရနတ်သားကို ခေါ်တော်မူ၍ အလှူခံပုဂ္ဂိုလ် ပြည့်စုံခြင်းကြောင့် အလှူဒါနအကျိုးများကြောင်းကို မြတ်စွာဘုရားကိုယ်တော်တိုင် ထင်ရှားပြတော်မူ သည်ကို သင်္ဂါယနာတင် ရဟန္တာအရှင်မြတ်များ အောက်ပါပါဠိတို့ကို မိန့်ဆိုတော်မူကြ၏။
တာဝတိံသေ ယဒါ ဗုဒ္ဓေါ, သိလာယံ ပဏ္ဍုကမ္ဗလေ။
ပါရိစ္ဆတ္တကမူလမှိ, ဝိဟာသိ ပုရိသုတ္တမော။
ဒသသု  လောကဓာတူသု, သန္နိပတိတွာန ဒေဝတာ။
ပယိရုပါသန္တိ သမ္ဗုဒ္ဓံ, ဝသန္တံ နဂမုဒ္ဓနိ။
 န ကောစိ ဒေဝေါ ဝဏ္ဏေန, သမ္ဗုဒ္ဓံ အတိရောစတိ။
သဗ္ဗေ ဒေဝေ အတိက္ကမ္မ , သမ္ဗုဒ္ဓေါဝ ဝိရောစတိ။
 ယောဇနာနိ  ဒသ ဒွေ စ, အင်္ကုရောယံ တဒါ အဟု။
အဝိဒူရေဝ ဗုဒ္ဓဿ , ဣန္ဒကော အတိရောစတိ။
 ဩလောကေတွာန သမ္ဗုဒ္ဓေါ, အင်္ကုရဉ္စာပိ ဣန္ဒကံ။
ဒက္ခိဏေယျံ သမ္ဘာဝေန္တော , ဣဒံ ဝစနမဗြဝိ။
 ‘‘မဟာဒါနံ တယာ ဒိန္နံ, အင်္ကုရ ဒီဃမန္တရံ။
အတိဒူရေ  နိသိန္နောသိ, အာဂစ္ဆ မမ သန္တိကေ’’တိ။
ဤသို့စသည်ဖြင့် တာဝတိံသာနတ်ပြည်ဝယ် နတ်ဗြဟ္မာတို့အလယ်၌ ဒက္ခိဏေယျသမ္ပတ္တိအကျိုးကို ထင်ရှားပြတော်မူပြီး၍ ၀ါတွင်းသုံးလပတ်လုံး အဘိဓမ္မာတရားကို ဟောကြားတော်မူပြီး၍ မဟာပ၀ါရဏာနေ့၌ သင်္ကဿနဂိုရ်ပြည်သို့ သက်ဆင်းတော်မူ၏။
ဆိုအပ်ပြီးသော ပေတ၀တ္ထုပါဠိတော်ဖြင့် တာဝတိံသာနတ်ပြည်သို့မြတ်စွာဘုရားကြွတော်မူကြောင်း၊ ပင်လယ်ကသစ်ပင်ရင်း ခင်းထားအပ်သော ပဏ္ဍုကမ္ဗလာမြကျောက်ဖျာထက်၌ တင့်တယ်စွာနေတော် မူကြောင်း၊ သောင်းလောကဓာတ်မှ နတ်ဗြဟ္မာတို့လာကြကြောင်းတို့ကို မုချ နီတတ္ထ တိုက်ရိုက်အားဖြင့် ပြ၏။ အဘိဓမ္မာဟောကြောင်းကို တိုက်ရိုက်မပြ၊ သို့အတွက် မြတ်စွာဘုရား တာဝတိံသာသို့ ကြွတော် မူခြင်းသည် ဘာအကျိုးငှါ ကြွတော်မူသနည်း၊ ရောက်လာသောနတ်ဗြဟ္မာတို့အား ဘာတရားမှ မဟောဘဲ လူ့ပြည်သို့ ပြန်ကြွလာသလော၊ သို့မဟုတ်၊ ဘာတရားများ ဟောကြားတော်မူခဲ့ပါသနည်း။ ဤအမေးနှစ်ရပ်ကို ထုတ်သင့်၏။ အဘယ်အကျိုးငှါ ကြွတော်မူသည်၊ အဘယ်တရားများ ဟောခဲ့သည် ဟု ပါဠိတော်အဆို မရှိသော်လည်း မယ်တော်ဖြစ်ခဲ့ဖူးသော သန္တုဿိတနတ်သားအား ကျေးဇူးဆပ်လို ၍ ၎င်းနတ်သားကို အမှူးထားပြီး ရောက်လာသော နတ်ဗြဟ္မာတို့အား အကျိုးများစေခြင်းငှါ ကြွတော်မူ သည်ဆိုသော အဋ္ဌကထာစကား သဘာဝယုတ္တိရှိကြီးရှိ၍ အလွန်သင့်မြတ်ပေ၏။ မယ်တော်ဖြစ်ခဲ့ဖူး သော သန္တုဿိတနတ်သားကို အမှူးထား၍ ရောက်လာကြသောနတ်ဗြဟ္မာတို့အကျိုးများအောင် ကြွတော်မူလျှင် ဘာတရားများ ဟောကြားခဲ့၍ အကျိုးများရမှာလဲဟု မေးသော် လူ့ပြည်မှာ အဘိဓမ္မာ တရားဟောကြောင်း အရိပ်အမြွက်မထင်ဖြစ်ခြင်းကြောင့် တာဝတိံသာနတ်ပြည်၌ အဘိဓမ္မာတရား ဟောသည်ဟုဆိုသော အဋ္ဌကထာစကားသည် သဘာဝယုတ္တိအထူးပင်ရှိပေ၏။ အဋ္ဌကထာသည် အရှင်မဟာဗုဒ္ဓဃောသလက်ထက်သို့ ရောက်မှ ဖြစ်ပေါ်လာသည်မဟုတ်၊ ဘုရားလက်ထက်တော်က ပင် အထင်အရှားရှိကြောင်းကို ကျမ်းဂန်တတ်ပုဂ္ဂိုလ်တိုင်း ၀န်ခံကြပေလိမ့်မည်။ ၎င်းအဋ္ဌကထာနှင့် တကွ ပါဠိတော်များကို အရှင်မဟိန္ဒစသော ရဟန္တာကြီးများကိုယ်တိုင် သီဟိုဠ်ကျွန်းသို့ သာသနာပြု ကြွတော်မူသောအခါ နှလုံးတွင်း၌သွင်း၍ ဆောင်ယူသွားကြသည်။ အရှင်မဟိန္ဒထံမှ သီဟိုဠ်ကျွန်းသား ရဟန်းတော်များ ဆောင်ထားကြသည်။ မဆောင်နိုင်သောပုဂ္ဂိုလ်များလက်ထက်ရည်ရွယ်လျက် သာသနာမပျက်ကွယ်ပါစေခြင်းအကျိုးငှါ သီဟိုဠ်ဘာသာဖြင့် နောက်မှရေးသားထားကြသည်။ အရှင်ဗုဒ္ဓဃောသသည် သီဟိုဠ်ကျွန်း၌ရှိပြီးသားဖြစ်သော သီဟိုဠ်ဘာသာဖြင့် ရေးသားထားသော အဋ္ဌကထာကြီးငါးကျမ်းလာ ကျယ်စွာသောစကားစဉ်ကို အကျဉ်းချုံး၍ ရေးသားခြင်းမျှဖြစ်သည်ဟု ကိုယ်တိုင်ဝန်ခံချက်ရှိ၏။ ထိုကြောင့် အဋ္ဌကထာလာ စကားများသည်လည်း ဘုရားလက်ထက်တော်မှ ရဟန္တာအဆက်ဆက် ဆောင်လာသည့်အတွက် အလေးပြုလောက်သောစကားများဖြစ်သည့် အလျောက် ဆရာအဆက်ဆက် ယခုထက်တိုင် အလေးဂရုပြုလျက်ပင် ရှိကြ၏။ ဤမျှဖြင့် ရှင်ဗုဒ္ဓဃောသထွင်လုံး မဟုတ်ကြောင်း၊ အသင်္ဂထံမှ အကူဉာဏ်မယူကြောင်း သိသာထင်ရှားပေပြီ။
သတိပေးချက်။           ။ မောင်ရင်စက္ကိန္ဒအား သတိပေးလိုသည်မှာ တိကျမှန်ကန်သော အသိဉာဏ် ဖြစ်ပေါ်ရန် ပါဠိတော်နှင့်တကွ အဋ္ဌကထာများကို ကောင်းစွာလေ့လာသင်ကြားတတ်မြောက်မှ ရေးလိုရာရေးသားလျှင် အမြင်မှန်ရောက်မည်ဖြစ်၍ ပါဠိတော်နှင့်တကွ အဋ္ဌကထာများကို သင်ကြားရန် သတိပေးစကား ရေးသားလိုက်သည်။