Monday 26 March 2012

ပဋိသန္တေကာလ အပေါ် သိပ္ပံ၊ ခရစ်ယာန်၊ ဟိန္ဒူ၊ ဗုဒ္ဓအဘိဓမ္မာ အမြင်တို့ နှိုင်းယှဉ်ချက် နှင့် “ငါစွဲ”

သိပ္ပံအမြင်
သာမန်အားဖြင့် ပဋိသန္တေတည်ရန် မိခင်လောင်း၏ သားအိမ် (သားဥပြွန်) အတွင်း၌ ”မ” မျိုးဥ နှင့် “ဖို” သုတ်ကောင်တို့ပေါင်းစပ်ရန်လိုအပ်ပါသည်။
သာမန်အားဖြင့် မိခင်လောင်း၏ မျိုးဥအိမ်မှ တစ်လ တစ်ကြိမ် (ရာသီသွေးပေါ်ချိန် နှစ်ချိန်၏ ကြားကာလ တစ်ရက်ရက်၌) သားဥကြွေပါသည်။
အဆိုပါသားဥသည် အခြံအရန် အထောက်အပံ့ ဆဲလ် အနည်းငယ်၊ မျိုးပွားခြင်းကို အထောက်အပံ့ပေးသော အာဟာရသဘာဝ အရည် နှင့်အတူ သားဥပြွန့်အတွင်း၌ ၂ရက်မှ ၃ ရက်ထိ ရှင်သန်နေနိုင်ပါသည်။
ဖခင်လောင်း၏ သုတ်သွေး၌ သုတ်ကောင်အရေအတွက် ၁၀ သန်းနှင့် အထက်တို့သည် သားအိမ်ဝ မှ တဆင့် သားအိမ်ကို ဖြတ်ပြီး သားဥပြွန်ထဲရောက်အောင် ကူးခတ် ဆန်တက်ရပါသည်။
မိခင်လောင်း၏ သားမွေးလမ်းအတွင်း သုတ်ကောင်များသည် ၂ ရက်မှ ၃ ရက်ထိ ရှင်သန်နေနိုင်ပါသည်။
သဘာဝအရ “မ“ မျိုးဥကို ရာနှင့်ချီသော သုတ်ကောင်တို့က ဖေါက်ဝင်ရန်ကြိုးစားကြပါသည်။ ထိုအထဲမှ သုတ်ကောင်တစ်ကောင်သာ ဖေါက်ဝင်ခွင့်ရပါမည်။ X ဗီဇ ပါသော သုတ်ပိုးဖေါက်ဝင်ပေါင်းစပ်ပါက သန္တေသားမှာ “အမ” ဖြစ်ပါမည်။ Y ဗီဇပါသော သုတ်ပိုးဖေါက်ဝင်ပေါင်းစပ်ပါက သန္တေသားမှာ “အဖို” ဖြစ်ပါမည်။
”မ” မျိုးဥ ထဲသို့ သုတ်ကောင်တစ်ကောင် ဖေါက်ဝင်သော်၊ အတွင်း၌ မိခင်မျိုးဗီဇ တစ်ဝက် နှင့် ဖခင် မျိုးဗီဇ တစ်ဝက်တို့ပေါင်းစပ်ကာ ၊  “ဆဲလ်” တစ်ခုထဲ ရှိသော အဆင့်မှ စတင်ကာသန္တေသား ဖြစ်လာရပါသည်။  အဆိုပါဆဲလ်တစ်ခုက ဆဲလ်၂ခု၊ ၂ခုက ၄ခု၊ ၄ခုက ၈ခု။ စသည်ဖြင့်ပွားပါသည်။
၇ ရက် ၈ ရက်မျှ ကြာသောအခါ သန္တေသားလောင်းသည် Blastocyst ခေါ် အလွန်သေးသော အရည်အိပ်ကလေး ပုံဖြစ်လာပါသည်။ ထိုအချိန်တွင်  သန္တေသားလောင်း တွင် အရေပြား၊ အာရုံကြော ဆဲလ်၊ စသည်ဖြစ်မည့် Ectoderm, ကြွက်သား၊ သွေး စသည်ဖြစ်မည့် Mesoderm ၊ အူ စသည်ဖြစ်မည့် Endoderm ဟူ၍ ဆဲလ် အလွှာ သုံးလွာ ပီပြင်ထင်ရှားလာပါသည်။
အချို့သော အတွေးအခေါ် ပညာရှင်က ဤ အချိန်တွင် ဦးဏှောက်အာရုံကြော ဆဲလ် စတင်ဖြစ်ပေါ်ရသဖြင့်၊ “စိတ်ဝိညဉ်” လည်းစတင်ဖြစ်ပေါ်သည်ယုဆိုပါသည်။
အချို့သော အတွေးအခေါ်ပညာရှင်ကမူ ခြေ၊ လက် စသည် ပေါ်လာသော ကိုယ်ဝန် ၂လ ကာလ ကျမှ သန္တေသား၌ “စိတ်ဝိညဉ်” စတင်ဖြစ်ပေါ်သည်ဟု ဆိုပါသည်။
အချို့သော အတွေးအခေါ်ပညာရှင်ကမူ မိခင်ဝမ်းက ထွက်မှ ကလေး၌ စိတ်ဝိညဉ် ဖြစ်ပေါ်သည်။ မိခင်ဝမ်းအတွင်း၌ ရှိစဉ် မိခင်၏ စိတ်ဝိညဉ်ကသာ သန္တေသားလောင်းကို ပြုပြင်စီမံသည်ဟု အယူရှိကြပါသည်။

ခရစ်ယာန်အမြင်
လူမိန်းမ နှင့် လူယောက်ျားတို့ကို ထာဝရ ဘုရားသခင်က ဖန်ဆင်းထားပါသည်။
တိုလူမိန်းမ လူ ယောက်ျားတို့၌ မျိုးပွားခြင်းဆိုင်ရာ ခန္ဓာ ကိုယ် အစိတ်အပိုင်းများ ကိုလည်း ထာဝရ ဘုရားသခင်က ဖန်ဆင်းပေးထားပါသည်။
ယောက်ျားနှင့် မိန်းမ ပေါင်းစပ်သဖြင့် ရလာသော ပဋိသန္တေသည် ထာဝရ ဘုရားသခင်ဖန်တီးထားသော မိခင် နှင့် ဖခင် ဖြစ်သော လူသားဆို့မှ ပေါက်ပွားလာရသဖြင့် ... တနည်းအားဖြင့် ထာဝရဘုရားသခင် ဖန်တီးသော လူသားအသစ်ဖြစ်သည်ဟုဆိုပါသည်။ ထိုသန္တေသား၏ စိတ်ဝိညဉ်သည်လည်း ထာဝရဘုရားသခင် ဖန်တီးပေးလိုက်သော စိတ်ဝိညဉ် ပင်ဖြစ်ပါသည်။
ယောက်ျားနှင့် မိန်းမ လိင်ဆက်ဆံခြင်း ပြုစရာမလိုပဲ၊ ထာဝရ ဘုရားသခင်က ပဋိသန္တေ အသစ်တစ်ခုကို တိုက်ရိုက် ဖန်ဆင်းပါက ... ထိုပဋိသန္တေသည် သန့်ရှင်းသော “ဝိညဉ်အသစ်“ သို့မဟုတ် သန့်ရှင်းသော”လူသားအသစ်” ဟု ဆိုပါသည်။ ဥပမာ “ခရစ်တော်“။
လူ ၏ “မ“ မျိုးဥနှင့် ”ဖို“ သုတ်ကောင်တို့ကို ဓါတ်ခွဲခန်း ဖန်ပြွန်အတွင်းပေါင်းစပ်စေပြီး မိခင်လောင်း၏ သားအိမ်အတွင်းသို့ ဖြစ်စေ၊ မိခင်လောင်း သားအိမ်၌ ရောဂါရှိသဖြင့် သားအိမ်အငှား (အငှားမိခင်၏ သားအိမ်) အတွင်းသို့ဖြစ်စေ သွတ်သွင်းပြီး ကိုယ်ဝန်ဆောင်စေခြင်းမှ ရလာသော လူသားသည်လည်း ထာဝရဘုရားသခင် ဖန်ဆင်းထားသော လူ၏ အစိတ်အပိုင်းများမှ ဖြစ်လာရသဖြင့် ဖန်ဆင်းထားသော လူသား ဟုသာသတ်မှတ်ပါသည်။
အလှူရှင်၏ ”မ” မျိုးဥ အတွင်းမှ ဗီဇ ကို ထုတ်ပယ်ပြီး၊ ပုံတူမျိုးပွား (Clone) လုပ်လိုသူ၏ မျိုးဗီဇ ကို ထည့်သွင်းကာ ပဋိသန္တေဖြစ်စေခြင်း လုပ်ရပ်ကိုမူ ထာဝရ ဘုရားသခင်ကို အံတုဖက်ပြိုင် ရာရောက်သောလုပ်ရပ်အဖြစ် အချို့က ဆိုပါသည်။
 ဟိန္ဒူ အမြင်
ဟိန္ဒုဘာသာဝင်များသည် ကာရကော၊ဝေဒကောဟူသော ကောင်းကောင်းဆိုးဆိုးအမျိုးမျိုးကိုပြုလုပ်တတ်သူ၊ သုခ၊ဒုက္ခဟူသောဝေဒနာအမျိုးမျိုးကိုခံစားတတ်သူ ဟူသော၊ အတ္တ=အသက်=၀ိညာဉ်=soul= ဇီဝ=လိပ်ပြာ ရှိတယ်လို့ယုံကြည်ကြတယ်။ ဒီခန္ဒာကိုယ်ကြီးပျက်သွားတဲ့အချိန်မှုာသူလုပ်ခဲ့သော ကောင်းမှု့ မကောင်းမှု အလျှောက် ထို ၀ိညာဉ် သည်နောက်ခန္ဒာအသစ်တစ်ခုသို့ကူးပြောင်းသွားပြီး၊ကောင်းမှု မကောင်းမှုတို့ရဲ့အကျိုးကိုခံစားရတယ်၊ လူများအ၀တ်အသစ်လဲလိုက်သလို၊ငှက်များသစ်ပင်တပင်မှတစ်ပင်ကူးပြောင်းသွားသလို ၀ိညာဉ်ဟာ ခန္ဒာကိုယ်တစ်ခုပြီးတခုကူးပြောင်းနေတယ်၊သူကတော့ဘယ်တော့မှမပျက်ပါ။
(Ko Htay Naing ၏ Comment မှ)
လူတစ်ယောက် ရှင်သန်နေစဉ်ကာလ တွင် ထိုလူ၏ခန္ဓာကိုယ်အတွင်း၌ ”အသက်ဇီဝ” လည်းဖြစ်သော အဆိုပါဝိညဉ် (ငါဟူသော အတ္တ) သည်ရှိ၏။ သိစရာရှိလျှင် ထိုဝိညဉ် (ငါ ) က သိ၏။ မှတ်စရာရှိလျှင် ထိုဝိညဉ် ( ငါ )က မှတ်မိ၏။ ခံစားစရာရှိလျှင် ထိုဝိညဉ် (ငါ )က ခံစား၏။ တွေးတောခြင်း၊ ဥာဏ်ရှိခြင်း၊ ပညာရှိခြင်း အစ ရှိသဖြင့် နာမ်ပိုင်းဆိုင်ရာအားလုံးကို ထိုဝိညဉ် ( ငါ) က ပြု၏။ ခန္ဓာကိုယ်သည် ရုပ်သေးရုပ်နှင့်တူ၏။ ထို ဝိညဉ်ခေါ် - ငါသည် ကြိုးဆွဲသူနှင့်တူ၏။
လူသေသောအခါ ခန္ဓာကိုယ်မှ ဝိညဉ်သည် ထွက်ခွာသွားပြီးလျှင် အခြားခန္ဓာ အသစ်၌ သွားရောက်ဝင်စား၏။ ပြုခဲ့သမျှ ကောင်းမှု မကောင်းမှု ကံတို့ ထိုဝိညဉ် နှင့် အတူ ပါသွား၏။
ဤကား ဟိန္ဓူအယူ (အတ္တ=အသက်=၀ိညာဉ်=soul= ဇီဝ=လိပ်ပြာ) ဆိုင်ရာအယူဖြစ်ဟန်ရှိပါသည်။
ဗုဒ္ဓဘာသာဝင်တို့ အမြင်
လူသည် မိမိကိုယ်ကိုမိမိ ရှု့ကြည့်သောအခါ ... (အဆိုပါဟိန္ဒူ အယူက ဆိုသည့်အတိုင်း) ... “ရုပ်ခန္ဓာ” တစ်ခု နှင့် ငါဟူသော ”စိတ်ဝိညဉ်“ အဖြစ်ရှုမြင်သောသူ ကို “ငါစွဲ မပြုတ်သေးသူ” ဟုဆိုပါစို့။ ”ငါစွဲမပြုတ်သေးသူ” အတွက် ... သိစရာရှိလျှင် ထိုဝိညဉ် (ငါ ) က သိ၏။ မှတ်စရာရှိလျှင် ထိုဝိညဉ် ( ငါ ) က မှတ်မိ၏။ ခံစားစရာရှိလျှင် ထိုဝိညဉ် (ငါ )က ခံစား၏။ တွေးတောခြင်း၊ ဥာဏ်ရှိခြင်း၊ ပညာရှိခြင်း အစ ရှိသဖြင့် နာမ်ပိုင်းဆိုင်ရာအားလုံးကို ထိုဝိညဉ် ( ငါ) က ပြု၏။.... ဟုသာ သာမန်အားဖြင့် ရှုမြင်ပေလိမ့်မည်။
ဗုဒ္ဓဘာသာ ဝင်တို့ကို အုပ်စု နှစ်စု ခွဲသော်
(၁) ပုထုဇဉ် ( အရိယာ မဖြစ်သေးသော သာမန်လူ)
(၂) အရိယာ ... ဟူ၍ ခွဲကြည့်နိုင်ပါမည်။
ပုထုဇဉ် ဖြစ်သော ကျွန်ုပ်တို့ သည် “ငါစွဲ မပြုတ်သေးသူ“ များသာဖြစ်သည်ဟူဆိုပါမည်။ သို့ဆိုလျှင် ပုထုဇဉ် ဗုဒ္ဓဘာသာဝင်သည် .. ဟိန္ဒူ ဘာသာဝင်များနည်းတူ “ငါစွဲ မပြုတ်သေးသူ“ များသာ ဖြစ်ကြရပါသည်။

ဗုဒ္ဓအဘိဓမ္မာ အမြင်
အဘိဓမ္မာ အမြင်၌  (အတ္တ=အသက်=၀ိညာဉ်=soul= ဇီဝ=လိပ်ပြာ) ရှိသည်ဟု မမြင်ပါ။ အဆိုပါ “ငါ” ဟူသော “စိတ်ဝိညဉ်” ကို ခွဲခြမ်းစိတ်ဖြာဆန်းစစ်ကြည့်သောအခါ
(၁) ခံစားမှု .. ဝေဒနာ များ၏ အစုအဝေး ... ဝေဒနက္ခန္ဓာ
(၂) မှတ်သားမှု .. သညာ များ၏ အစုအဝေး ... သညာက္ခန္ဓာ
(၃) ဝေဒနာ နှင့် သညာ မှ လွဲ၍ ကျန်သော စေတသိတ် ၅၀ တို့၏ အစုအဝေးကို .. သင်္ခါရက္ခန္ဓာ
(၄) လက်ဖျောက်တစ်ချက်တီးအချိန်မှာ ဖြစ်ပြီး ချုပ်သွားသော .. ကုဋေ တစ်သိန်းမျှသော စိတ်အစုအဝေးကို ... ဝိညာဏက္ခန္ဓာ ဟု ခွဲခြား၇ှု့ မြင်ပါသည်။
ထပ်၍ အသေးစိတ်သော အခါ လူ၌ .. ဝိညဉ် သည်မ၇ှိ ... ခဏခြင်း၌ ဖြစ်ပြီး ပျက်နေသော ... စိတ် စေတသိတ် တို့သာ ၇ှိ၏ ဟု ဆိုပါသည်။
(သဂြိ င်္ုဟ် .. သမုစ္စည်းပိုင်း .. သဗ္ဗသင်္ဂဟ)
သတ္တဝါတစ်ဦးတွင် တစ်ချိန်တစ်ချိန်မှာ စိတ် တစ်ခုသာ ဖြစ် ခွင့် ရှိသည်ကို .. ယုံကြည်လက်ခံသဖြင့် ... ခန္ဓာ ငါးပါ၏ အသေးစိတ်သဘောကို ... စာဖတ်၍ဖြစ်စေ၊ တရားနာ၍ဖြစ်စေ ... ဆင်ခြင် နေသော ခဏ၌ ထိုသူတွင် “ငါစွဲ“ ခဏ ပြုတ်ပါသည်။
ထိုသို့ စာပေ၌ ဆင်ခြင်သဖြင့် “ငါစွဲ“ ခဏ မျှ ပြုတ်ခြင်းကို ... ”သညာသိ“ ဟု ဆိုပါသည်။ အသိတရားသည် ခဏသာဖြစ်ပြီး။ သာမန်နေ့စဉ် လုပ်နေကျလုပ်ငန်းဆောင်တာများကြားတွင် နစ်မြုတ်နေသော အခါ ပုထုဇဉ်သဘာဝ “ငါစွဲ” က ၇ှိမြဲ ရှိလျှက်သာ။
ကမ္မဋ္ဌာန်း တရားထိုင်သဖြင့် ... မိမိခန္ဓာကိုယ်ကို  သမာဓိဖြင့် ရှု့ သဖြင့် ... ရုပ်ကိုလည်း အသေးစိတ်ခွဲ ခြမ်းစိတ်ဖြာပြီး မြင်၏၊ စိတ်ဝိညဉ်ကိုလည်း သူ့သဘာဝ အတိုင်းကို အသေးစိတ် ခွဲခမ်းစိတ်ဖျာပြီး မြင်၏ ။ ထိုသို့ မြင်သောကြောင့် ကမ္မဋ္ဌာန်း ထိုင်စဉ် ခဏ ၌ ထိုရောဂီ၌ “ငါစွဲ” ပြုတ်၏။ ကမ္မဋ္ဌာန်းမှ ထပြီး .. နေ့စဉ် ပုံမှန်ဆောင်ရွက်စရာတို့ကိုဆောင်ရွက်နေစဉ်မူ ”ငါစွဲ” က ရှိနေပြန်သည်။ ဤသို့ ကမ္မဋ္ဌာန်း ထိုင်.. ရှုမှတ်စဉ် ခဏမျှ “ငါစွဲ” ပြုတ်နေခြင်းကို ... ”ဘာဝနာသိ”  ဟုဆိုပါမည်။
အရိယာ ဖြစ်သွားသောပုဂ္ဂိုလ်၌ကား ကမ္မဋ္ဌာန်းနေစဉ်ဖြစ်စေ၊ ကမ္မဋ္ဌာန်း မထိုင်သောအချိန် တွင်ဖြစ်စေ ”ငါစွဲ” လုံးဝ မရှိတော့ချေ။ ထိုအသိဥာဏ်ကို သာ.... “ပညာသိ”  ဖြင့် “ငါစွဲ” အပြီး ပြုတ်ပြီဟုဆိုပါမည်။
ထို့ကြောင့်
ဟိန္ဓူ ဘာသာဝင်ဖြစ်စေ၊ ဗုဒ္ဓဘာသာဝင် ပုထုဇဉ် ဖြစ်စေ ... လူသတ္တဝါကို ရုပ်ခန္ဓာ နှင့် “ငါ” ဟူသော ဝိညဉ်၏ အစုအပေါင်း သာဟု မြင်ပေလိမ့်မည်။
အဘိဓမ္မာ ကို လေ့လာကြည့်သောအခါ... သတ္တဝါသေလွန်လျှင် စိတ္တဇရုပ်၊ ကမ္မဇရုပ်၊ ပသာဒ ရုပ် စသည်တို့ချုပ်၏ဟုသိရ၏။ စိတ်သည်လည်း ချုပ်၏။ အရင်ဘဝမှ စိတ်သည်လည်း နောက်ဘဝ သို့ မလိုက်၊ အရင်ဘဝမှရုပ်သည်လည်း နောက်ဘဝ သို့ မလိုက်။ .... အတိတ်က ပြုခဲ့ သမျှ စေတနာများဖြစ်သော ကမ္မသတ္တိ အစုအဝေးသည်ကား   ... ဘဝဟောင်းစုတေစိတ်နှင့် ကပ်လျှက်ဖြစ်သော ဘဝသစ်ပဋိသန္တေ စိတ်ကို ကျေးဇူးပြု လိုက်ပါသည်။ ထိုသို့ကျေးဇူးပြုလိုက်သဖြင့် ဘဝဟောင်းမှ စုတေစိတ်၌ ရှိသော ကမ္မသတ္တိခေါ် ဂုဏ်သတ္တိ တို့က နောက်ဘဝ ပဋိသန္တေ စိတ်အပေါ် .. ပြောင်းရွေ့ သက်ရောက်သွားသည်ဟု မမြင်သင့်ပါ။
စုတေစိတ်က ကျေးဖူးပြုလိုက်သောကြောင့် .. စုတေစိတ်တွင် ရှိခဲ့သော ဂုဏ်သတ္တိ များနှင့် တူညီသော ဂုဏ်သတ္တိများ ပဋိသန္တေစိတ် ၌ ဖြစ်ပေါ် ပေါ်ပေါက်လာခြင်းသာ ဖြစ်ပါသည်။
ဥပမာ အနေဖြင့် ဆိုရပါလျှင် တစ်နေရာ၌ လေးလံသော၊ ပြောင်လက်သော ဂုဏ်သတ္တိ များ ရှိသည် လုံးဝန်းသောအရာတစ်ခု သည် ပျက်သွားသည် ဆိုပါစို့၊ အချိန်ကာလ မခြားဘဲ အခြားတစ်နေရာ၌ လေးလံသော၊ ပြောင်လက်သော ဂုဏ်သတ္တိ များ ရှိသည် လေးထောင့်သဏ္ဍန်အရာဝတ္ထု အသစ်တစ်ခု ပေါ်ပေါက်လာသည် ဆိုပါစို့။ ....  ထိုအရာဝတ္ထု နှစ်ခု တွင် ရှိသော တူညီသည့် ဂုဏ်သတ္တိ ဖြစ်သည့် ”လေးလံသော၊ပြောင်လက်သော“ ဟူသည့် ဂုဏ်သတ္တိ သည် အရာဝတ္ထု တစ်ခုမှ အခြားတစ်ခုသို့ လွှဲပြောင်းပေးလိုက်သော သဘောအဖြစ် မည်ကဲ့ သို့ ရှု့ မြင်ပါမည်နည်း။
နောက်ထပ်ဥပမာ တစ်ခု ပြောပါရစေ။
လူတစ်ယောက်၏ ခန္ဓာကိုယ်ကို အရိုးသတ်သတ်၊ အသားသတ်သတ်၊ အဆီသတ်သတ်၊ အရေပြားသတ်သတ် ခွဲခြားရှု့ကြည့်ပါသော် ငါ၏ ခန္ဓာ ဟု မြင်တော့မည်မဟုတ်။ အရိုး၏ အတွင်း ရှိ ရိုးတွင်းခြင်ဆီ မှ ဆဲလ်တစ်ခု၏ ဗီဇ ကိုယူကာ “ပုံတူမျိုးပွား“ Clone လူသားတစ်ယောက်ဖန်တီးလိုက်သည် ဆိုပါစို့။ အသစ်ဖြစ်လာသော လူသားသည် ...။ “ငါ” မဟုတ်သည်မှာသေခြာ၏။ သို့ရာတွင် ထိုပုံတူ မျိုးပွား .. လူသား၌ ရှိသော မျိုးဗီဇ အားလုံးသည်။ မူလဖြစ်သော “ငါ” ၏ မျိုးဗီဇ နှင့် အတူတူ သာလျှင်ဖြစ်နေပါလိမ့်မည်။ မျိုးဗီဇ ဆိုင်ရာဂုဏ်သတ္တိများမှာ “ငါ” နှင့် အတူတူ ဖြစ်နေပြီး .. ထိုခန္ဓာ အသစ်မှာ “ငါ“ မဟုတ်ချေ။
ဘဝဟောင်း စုတေစိတ်၌ ရှိသော  “ကမ္မ ဂုဏ်သတ္တိ များ” ကို ရည်ညွှန်းပြောဆိုလိုသောအခါ “ငါ၏ ဂုဏ်သတ္တိများ” ဟု ပြောမှ သဘောအဓိပ္ပါယ်ပေါ်လွင်ပေလိမ့်မည်။ နောက်ဘဝ ပဋိသန္တေစိတ်၌ ၇ှိနေမည့် တူညီသော “ကမ္မဂုဏ်သတ္တိ” များကိုလည်း “ငါ၏ ဂုဏ်သတ္တိများ” ဟုရည်ညွှန်းပြောဆိုမှသာ သဘောအဓိပ္ပါယ်ပေါ်လွင်ပေလိမ့်မည်။
ထိုစကား “ငါ၏ ဂုဏ်သတ္တိများ” ၌ ပါသော “ငါ” ဆိုသည်မှာ ... ပုံတူမျိုးပွား ဥပမာမှ .. ”ငါ၏မျိုးဗီဇ” ဟူသောစကား မှ “ငါ” နှင့် တူ၏။ ဟိန္ဓူအယူ (အတ္တ=အသက်=၀ိညာဉ်=soul= ဇီဝ=လိပ်ပြာ) သဘောအဓိပ္ပါယ် ဖြစ်သော “ငါ” နှင့် လုံးဝ မတူညီပါ။ထိုအရာကို သတိပြု ရပါလိမ့်မည်။
ပဋိသန္တေ ခဏ အပေါ် ဗုဒ္ဓအဘိဓမ္မာ အမြင်
(သဂြိ င်္ုဟ် ဘာသာဋီကာ စာမျက်နှာ ၅၂၆ မှ ၅၃၀ ထိ ကို မှီငြမ်းလျှက်)
သန္တတည်ခြင်း အကြောင်းသုံးပါး။ ။ (၁) မိခင်လောင်း၏ ပန်းပွင့်ပြီးစဖြစ်ခြင်း။ (၂) မိဘ လောင်းနှစ်ဦးတို့ ကူးလူးဆက်ဆံခြင်း (၃) သန္တေနေမည့် သတ္တဝါ၏ ဘဝဟောင်းမှ ပဋိသန္တေသစ် တည်နေဖို့ရာ ရှေးရှုတည် ရှိခြင်း။ ....... ဤအကြောင်းသုံးပါးတွင် သန္တေနေမည့် သတ္တဝါ၏ ဘဝဟောင်းမှ စုတေ ခဲ့ခြင်းသည် အချုပ်အခြာဖြစ်၏။ ....
မိဘ နှစ်ဦးတို့ တစ်ကြိမ်လောက်ကူးလူးဆက်ဆံထားလျှင် (၇) ရက်ကြာအောင်ပင် သန္တေတည်ဖို့ရာ ခေတ်အခါ ဖြစ်၏။
(ဆေးပညာ၌ မိခင်လောင်း၏ မျိုးဥ သည် ၃ရက်မျှ ရှင်နေနိုင်၏။ ဖခင်လောင်း၏ သုတ်ပိုးသည်လည်း ၃ရက်မျှ ၇ှင်နေနိုင်၏။ ထို့ကြောင့် စုစုပေါင်း ၆ရက် ကာလ အတွင်း သန္တေအောင်နိုင်၏။ဟူလို)
မိဘတို့၏သုတ်သွေး။     ။ ဤဆိုခဲ့ပြီးသောစကားအရ ရှေးကံ အစွမ်းကြောင့် အမိဝမ်းမှာ ကလလ ရေကြည် သန္တေတည်ရသော် မိဘတို့၏ သုတ်သွေးက အရေးတကြီးထောက်ပံ့လျှက်ရှိရသည်ဟု သိသာပြီ။ ကလလရေကြည် သည် “မျိုးစေ့” နှင့်တူ၏။ မိဘတို့၏ သုတ်သွေး ကား “ရွှံ့ညွန် မြေ ရေ များ” နှင့်တူ၏။ ကလလရေကြည်ကို ဖြစ်စေသော ရှေးဘဝ ကံတရား ကား “မျိုးစေ့ကို ကြဲချ စိုက်ပျိုးသူ” နှင့်တူ၏ ။
( သိပ္ပံပညာမှပြောသော မိခင်လောင်း၏ မျိုးဥသည်လည်းကောင်း၊ ဖခင်လောင်း၏ သုတ်သွေးသည်လည်းကောင်း.... (အဘိဓမ္မာ သဘောအရ) .. ပဋိသန္တေဖြစ်ပေါ်စေသည်ဟု မဆို... ပဋိသန္တေကိုထောက်ပံ့သော အထောက်အပံ့ များဟုသာ ဆိုပါသည်။)
ကလလရေကြည် သည် သာ ကံကြောင့်ဖြစ်သော “ကမ္မဇရုပ်” ဖြစ်ပါသည်။ ထိုရုပ်၌ ယောက်ျား၊ မိန်းမ စသည် နောင်အခါ ပီပြင်စေသော ”ဘာဝရုပ်” သဘောသည်လည်း ပါသည်ဟုဆိုပါသည်။ ပဋိသန္တေစိတ် နှင့်တကွ ပဋသန္တေစိတ်၏ မှီရာ ဟဒယဝတ္ထု ရုပ်သည်လည်း တပြိုင်နက်ထဲ ဖြစ်ပေါ်ပါသည်။
..... ထိုကလလရေကြည်၌ ကံကြောင့်ဖြစ်သော ရုပ်ကလေးများ အသစ်အသစ်တိုးပွား၏။ တိုးပွားတိုးပွားတိုင်းသော ကမ္မဇ ရုပ်ကလပ်တွင် “ဥတု“ ဟုခေါ်သော တေဇောဓါတ်ပါဝင်၏။ ထိုဥတုကြောင့် ဥတုဇရုပ်ကလေးသည် အချိန်ရှိသမျှ တိုးပွားနေ၏။ ....
ကလလရေကြည်အဖြစ်မှ ၇ ရက်လောက်ကြာသောအခါ အမြှုတ်ပွက်ကလေး ဖြစ်လာ၏။...
(သိပ္ပံပညာ၌ ပဋိသန္တေ ... ၇ ရက် ၈ ရက်မျှ ကြာသောအခါ သန္တေသားလောင်းသည် Blastocyst ခေါ် အလွန်သေးသော အရည်အိပ်ကလေး ပုံဖြစ်လာပါသည်။)
ဤသို့ ဗုဒ္ဓအဘိဓမ္မာ သဘောတရားအရ ... ပဋိသန္တေ စတင်တည်သည်နှင့် ..
ကမ္မဇရုပ်၊ ဟဒယဝတ္ထုရုပ် တို့ နှင့် ပဋိသန္တေစိတ် တို့ တပြိုင်နက်ဖြစ်ပေါ်ကြရာ... ပဋိသန္တေ နေစအချိန်မှ စတင်ကာ ... သတ္တဝါ တစ်ဦးအဖြစ် သတ်မှတ်ရပါမည်။ လောက စကားအရ ပဋိသန္တေတည်စက စတင်ကာ သက်ရှိတစ်ဦးဖြစ်သည်ဟုဆိုနိုင်ပါသည်။ ထို့ကြောင့် ပဋိသန္တေ ကို ဖျက်ခြင်းသည် .. သန္တေသား မည့်သည့် အရွယ်တွင်ပြု ပြု ... လူသတ်မှုမြောက်ပါတော့သည် ဟု ဗုဒ္ဓအဘိဓမ္မာက ဆိုပါသည်။

No comments:

Post a Comment