လူဝင်စား ဟူသော စကားလုံးကို အနက်အဓိပ္ပါယ် ဖွင့်ကြသောအခါ
... အချို့သောလူ ဟာ သေသွားတဲ့ အခါ သူရဲ့ ခန္ဓာကိုယ် ထဲက “ဝိဥာဉ်” ဟာ ထွက်လာပြီးတော့
.. နောက်ဘဝ ၊ နောက်ခန္ဓာ မှာ ပူးဝင်တဲ့ သဘော ပြောကြဆိုကြပါတယ်။ လူရဲ့ ခန္ဓာ ကိုယ်မှာ
“ဝိဥာဉ်“ ဆိုတာ မရှိဘူးလို့ လက်ခံထားတဲ့ ဗုဒ္ဓဘာသာ ဝင်တွေက “လူဝင်စား” ဆိုတာ ကို .....
အထက် ဖေါ်ပြပါ သဘောအဓိပ္ပါယ် အားဖြင့် လက်မခံကြပါဘူး။ ..
သို့သော်လည်း လောက မှာ ”လူဝင်စား” ဆိုတာ အမှန်တကယ် ရှိတတ်တဲ့သဘောဖြစ်နေပါတယ်။
အတိတ်ဘဝက အကြောင်းအရာ၊ ပစ္စည်းဥစ္စာ စသည်တို့ကို အဆက်အစပ် မရှိပဲ ဖေါ်ထုတ်သက်သေပြနိုင်တဲ့
လူဝင်စားဆိုသူတွေ ရှိခဲ့ပါတယ်။
ဗုဒ္ဓဘာသာ အယူမှာတော့ အတိတ်ဘဝက အကြောင်းအရာကို မှတ်မှိခြင်း၊
အာရုံပြုနိုင်ခြင်း သဘော ဖြစ်သော “ဇာတိဿရ ဥာဏ်“ ဆိုတာ ရှိပါတယ်။ အကြောင်းတစ်ခုခုကြောင့်
အခိုက်အတန့်ကာလ တစ်ခုမျှ ”ဇာတိဿရ ဥာဏ်” ရကြတဲ့ သူတွေကိုပဲ ”လူဝင်စား” ရယ်လို့ ခေါ်ဝေါ်
ကြတာပါ။ အများအဓိပ္ပါယ် ဖွင့်ဆိုတဲ့ လူဝင်စား သဘောတော့ မယူကြပါဘူး။
အတိတ်ဘဝက အကြောင်းအရာတစ်ချို့ကို မှတ်မိခြင်း၊ ပြန်ပြောနိုင်ခြင်းနဲ့
ပတ်သက်လို့ စိတ်ရောဂါ အထူးကုဆရာဝန်ကြီးမေးလို့ ၊ မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ
ဖြေကြားထားတဲ့ အဖြေ ကို အောက်ပါ စာအုပ်မှာ ဒီလိုတွေ့ရပါတယ်။ ....
ရန်ကုန်မြို့ တံတားကလေး စိတ်ရောဂါ အထူးကုဆေးရုံအုပ်ကြီး ဒေါက်တာဦးနေဝင်း
အမေး၊
မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး ၏ အဖြေ ..
သိပ္ပံအမြင်
နှင့် ဗုဒ္ဓအဘိဓမ္မာ အဖြေများ စာအုပ်
စာမျက်နှာ ၆၂ မှ ၆၄ (pdf file electronic pages 80 - 82)
မေးခွန်း
(၁၁)
မေး ။ ။ ငယ်ရွယ်သော
ကလေးအချို့သည် သင်ကြားခြင်းမရှိပဲ ကျမ်းစာများကို ရွတ်ဆိုနိုင်ခြင်း၊ အထက်တန်းကျသော
အတွက်အချက်များကို ပြုလုပ်နိုင်ခြင်း၊ တို့ကို မြန်မာပြည်၌လည်းကောင်း၊ နိုင်ငံခြား၌လည်းကောင်း
တွေ့ရပါသည်။ အဘယ်ကြောင့်မသင်ပဲ တတ်မြောက်ပါသလဲ။
ဖြေ ။ ။ ၁၀ နှစ်သားတုန်းက
သင်ထားတဲ့ ပညာဟာ ... ဆိုပါတော့ ... အသက် ၂၀ လောက်မှာ သူတချို့ ရွတ်နိုင်တယ်၊ ဖတ်နိုင်တယ်။
ဒါဖြင့် ၁၀ နှစ်သားတုန်းက ရုပ်ရှိသလားဆိုတော့ ၊ အသက် ၂၀ မှာ မရှိဘူး။ ၁၀ နှစ်သားတုန်းက
စိတ်ရှိသေးလားဆိုတော့ ၊ အသက် ၂၀ မှာ မရှိဘူး မရှိပေမယ့်လို့သူရွတ်နိုင်တယ်။ ဖတ်နိုင်တယ်။
မှတ်နိုင်တယ်ပေါ့။
အဝိဇ္ဇာဖုံးတော့မှ
မေ့
အဲဒီလိုပဲ၊ သေခါနီးမှာ သူ့အလေ့အကျင့်ကလည်း များလာတဲ့ စာတွေ
ဆိုတော့ကာ၊ သေပြီးတော့ ဘဝကြီးတစ်ခုလို ချောင်းခြားနေတာမဟုတ်ဘူး။ စိတ်တစ်ခုနဲ့ တစ်ခုပြောင်းသလိုပဲ။
စုတိစိတ်၊ ပဋိသန္တေစိတ် ဆက်ရက်ပဲ။ ဆက်ရက်ဆိုတော့ကာ အများစုကတော့ တတ်သင့်တယ်။ ရပြီးသားတွေကိုရသင့်တယ်။
သို့ပေမယ်လို့ စုတေတဲ့ အချိန်မှာ၊ ပဋိသန္တေရဖို့ရန်အချိန်မှာ၊ အဝိဇ္ဇာ တဏှာတွေက အင်မတန်လွှမ်းနေတာမို့
မေ့ကုန်တာ။ အများစုကတော့ ရကိုရသင့်တယ်။ ဒီလိုရလောက်အောင်ကို သတ္တိက ဆက်နေတာ။ သို့ပေမယ့်လို့
အဝိဇ္ဇာက ဖုံးလွှမ်းထားတော့ အများစုတော့မေ့သွားတယ်။
ဇာတိဥရဥာဏ်
လူအနည်းငယ်ကတော့ရတယ်
ရတာဟာ ဘာမှ မဆန်းဘူး။ ခုနက အဝိဇ္ဇာရဲ့ ဖုံးလွှမ်းမှုနည်း လို့ သူမှတ်မိနေတာပဲ။ ရွတ်နိုင်နေတာပဲ။
တတ်နေတာပဲ။ ဘယ်သူမှ မပြောပဲနဲ့ လည်း သူဒီစာတွေကို တတ်နေတာပဲ။ အများစုက အဝိဇ္ဇာ သိတ်ဖုံးတယ်။
သဘာဝကတော့ ဘယ်လောက်မှ ဝေးတာမဟုတ်ဖူး။ အများစုဟာ
ပြန်တတ်ဖို့တော့ကောင်းတယ်။ သို့ပေမယ့်လည်း အဝိဇ္ဇာက သိပ်ဖုံးသွားတော့မတတ်ဖူး။ သူတို့ကျတော့
အဝိဇ္ဇာရဲ့ အဖုံးလည်းနည်းတယ်။ ပြီးတော့ ကံကြောင့် ဇာတိဿရ ဥာဏ်ဆိုတဲ့ ဥာဏ်ကလည်း သူတို့မှာရနေတယ်။
ဒီတော့ဟိုဘဝကိုအောက်မေ့နိုင်တာရော ဘာရောစုပေါင်းပြီးတော့ စာတွေကို မသင်ပဲနဲ့ တတ်တယ်။
ရွတ်နိုင်တယ်။ ဖတ်နိုင်တယ်။
ရွတ်နိုင်သလောက်ဥာဏ်မကြီး
ရွတ်နိုင်ဖတ်နိုင်သလောက်များ ဥာဏ်ကြီးမယ်တော့ မထင်နဲ့ ၊ တခါတလေ
ရွတ်နိုင်ဖတ်နိုင်တာပဲရှိတယ်။ စဉ်းစားဥာဏ်တွေ ဘာတွေ မရှိတတ်ဘူး။ ကြီးရင် မေ့သွားတယ်။
ကြီးရင်မေ့တယ်ဆိုတာ ကြားထဲမှာ ဟိုအာရုံ ဒီအာရုံတွေက ဖုံးသွားပြီ။ ဖုံးသွားတော့ ပြောစမ်းပါဆိုတော့
မပြောနိုင်ဘူး။
ကြာရင်မေ့
တခါတလေ လူဝင်စားပေါ့လေ ၊ စကားပြောတတ်တဲ့ အချိန်မှာ သူ့ဟာသူ
ဟိုတုန်းက ဘယ်သူပဲ။ ဒီပစ္စည်းတွေဟာ သူ့ပစ္စည်းတွေပဲ ။ သူပြောနိုင်တယ်။ နောက်တော့ လေးနှစ်
ငါးနှစ် ကြာတော့ မေးလို့မရဘူး။ တချို့က ရှက်လို့ မပြောဘူးလို့ပြောတယ်။ မဟုတ်ဘူး။
မေ့ကိုမေ့သွားတာ။ ကြားထဲမှာစိတ်တွေက အများကြီးဖြစ်နေတာ၊ ဖြစ်တော့ကို ဒီအာရုံချည်း မဟုတ်တော့ဘူး။
ဒီပြင်အာရုံတွေနဲ့ မေ့ကိုမေ့လောက်တယ်။ ပြီးတော့ ဖြစ်တဲ့ အထဲမှာ အကုသိုလ်စိတ်တွေက များလို့ရှိရင်
အဝိဇ္ဇာက အမြဲပါနေတာပဲ။ ဒီတော့ မေ့တာပဲ။
No comments:
Post a Comment